ရွှေအကြောင်းသိကောင်းစရာ

ရွှေအကြောင်း ဖယောင်းသက်သေ

thecandlewitnessaboutgold

ဒီနေ့မှာ မျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ ရွှေနှင့်ပတ်သတ်ပြီး စိတ်ဝင်စားတဲ့ သူတွေအတွက်တင်မက ဆိုရိုးစကားတွေကိုပါ စိတ်ဝင်စားတဲ့ မိဘပြည်သူများအတွက် ရွှေအကြောင်း ဆိုရိုးစကား၊ စကားပုံအချို့ရှိသည့်အထဲမှ “ရွှေအကြောင်း ဖယောင်းသက်သေ” ဆိုတဲ့ စကားပုံလေးကို ကိုးကားပြီး စာဖတ်ပရိတ်သတ်များအတွက် ဗဟုသုတရစေမယ့်အချက်အလက်လေးတွေကို အားလုံးအတွက် မျှဝေပေးဖို့ရွေးချယ်ထားပါတယ်။

တကယ်တော့ မြန်မာစကားပုံတစ်ခုအနေနဲ့ မူရင်းစကားပုံအစစ်အမှန်ကတော့ “ရွှေအကြောင်း ဖယောင်းသိ၊ လူအကြောင်း ပေါင်းမှသိ” ဆိုတာပဲဖြစ်ပါတယ်။ ဆိုလိုချင်တဲ့ အကျဉ်းချုပ် အဓိပ္ပါယ်ကတော့ ရွှေကို မှတ်တိုက်၍ မှတ်ကို ဖယောင်းလုံးဖြင့် လှိမ့်ကြည့်ခြင်းဖြင့် ရွှေကောင်း မကောင်း ရွှေရည်စစ်မစစ်ကို သိနိုင်သကဲ့သို့ လူ၏ အကျင့်စရိုက် ကောင်း မကောင်းကို ပေါင်းကြည့်ခြင်းဖြင့်သာ သိနိုင်ပါတယ်လို့ ဆိုလိုတာပဲဖြစ်ပါတယ်။

ရွှေဆိုတဲ့ သတ္တုဟာ သမိုင်းကြောင်း တစ်လျှောက်လုံး စဉ်ဆက်မပြတ် လူသားတို့ရဲ့ တန်ဖိုးထားထိန်းသိမ်းလာခဲ့တဲ့ အရာတစ်ခုဖြစ်ပြီး လူသားတွေရဲ့တန်ဖိုးထားခြင်းကို ခံခဲ့ရတဲ့ အရာတစ်ခုလည်းဖြစ်တာကြောင့် တန်ဖိုးအားဖြင့်လည်း မြင့်မားပါတယ်။ ရွှေဆိုတဲ့  သတ္ထုဟာ တကယ်တန်းတော့ သာမာန် အပူရှိန်နဲ့ ဖိအားအောက်မှာဆိုရင် အခဲသဏ္ဏာန်ရှိ ဒြပ်စင်တစ်မျိုးပဲဖြစ်ပါတယ်။ အခြားသော သတ္ထုတွေအားလုံးနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်လဲ ရွှေဆိုတဲ့ သတ္ထုက ပိုပြီးပျော့ပြောင်းပါတယ်။ ဒါကြောင့် ရွှေရဲ့ ပျော့ပြောင်းမှုဂုဏ်သတ္တိကြောင့် ရွှေကို အလွယ်တကူ ပုံသွင်းနိုင်ခြင်းဟာဆိုရင် အလွန်ကို ပျော့ပြောင်းမှု ရှိတဲ့ ပျားဖယောင်းကို ပုံသွင်းရသလို မိမိနှစ်သက်ရာ ဒီဇိုင်းအဆင်တန်ဆာများကို ဖန်တီးဖို့လွယ်သည့်အချက်နဲ့ နှိုင်းယှဉ် တတ်ကြပါတယ်။

သန့်စင်တဲ့ မီးလင်းရွှေကို မှတ်ကျောက်တိုက်ပြီး ပျားဖယောင်းလေးပေါ်မှာ လှိမ့်ပြီးကြည့်တဲ့ အခါမှာ သန့်စင်တဲ့ ရွှေရဲ့ အဝါရောင်လေးကို ပိုပြီးထင်ထင်ရှားရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ပျားဖယောင်းကို အသုံးပြုပြီး ရွှေရဲ့ အရည်အသွေးဟာ အခြားမသန့်စင်သော ဓာတ်သတ္တုများပါဝင်နေလားဆိုတာကို ခွဲခြားခဲ့တာကြောင့် ရွှေအကြောင်း ဖယောင်းသက်သေဆိုပြီး ဆိုရိုးစကားလေးတစ်ခုပေါ်ထွက်လာတာပဲဖြစ်ပါတယ်။ ရွှေကိုရှေးယခင်က အလွယ်တကူပဲ မိမိတွင်ရှိသည့် ပျားဖယောင်းကိုအသုံးချ၍ စစ်ဆေးခြင်းဖြင့် ရွှေရဲ့ အရည်အသွေးကို ခန့်မှန်းနိုင်တာကြောင့် ရွှေအကြောင်းကို ဖယောင်းသိတယ်လို့ ရှေးလူကြီးတွေကစကားပုံတစ်ခုအနေဖြင့် နောင်လာနောင်သားတွေအတွက် ဗဟုသုရဖွယ် ဆိုရိုးစကားတစ်ခုထားခဲ့တာပဲဖြစ်ပါတယ်။

ရွှေ၏အရည်အသွေး ကောင်းမကောင်း သိရှိရန် မှတ်တိုက်ပြီး မှတ်ကို ဖယောင်းနှင့် လှိမ့်ကြည့်ခြင်းဖြင့် သိရှိနိုင်သလိုပဲ စကားပုံအပြည့်အစုံရဲ့အဆုံးမှာ လူတို့၏ အကျင့်စာရိတ္တ၊ စိတ်နေစိတ်ထား ကောင်းမကောင်းကိုလည်း အတွင်းကျကျ ပေါင်းသင်းကြည့်ခြင်းဖြင့်သာ သိရှိနိုင်ကြောင်းကို ဆိုလိုထားခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ရှေးလူကြီးတွေမျှဝေပေးခဲ့တဲ့ ဆိုရိုးစကားစကားပုံလေးကို လက်ကိုင်ထားပြီး မိမိတို့ရဲ့ နောက်လာနောင်သားတွေကိုလည်း ဆက်လက်၍ လက်ဆင့်ကမ်းမျှဝေပေးရမယ့် ကျွန်တော်တို့ရဲ့ တာဝန်အတိုင်းဒီအပတ်မှာရွေးချယ်ထားတဲ့ “ရွှေအကြောင်း ဖယောင်းသက်သေ” ဆိုတဲ့ အကြောင်းအရာလေးကို အားလုံးအတွက် ဗဟုသုတရရှိစေဖို့ မျှဝေပေးခဲ့တာဖြစ်ပြီး နောက်အပတ်တွေမှာလည်း အခြားစိတ်ဝင်စားဖွယ်အကြောင်းအရာလေးတွေနဲ့အတူ ပြန်လည်ဆုံတွေကြပါဦးစို့နော် ။