ဆောင်းပါး

သင်္ကြန်မှာ ရွှေအပါအဝင်အဖိုးတန်ပစ္စည်းတွေဝတ်ဆင်လည်ပတ်ရင် သတိပြုပါ

Thingyan Festival

မကြာခင်မှာ သင်္ကြန် ရေကစားပွဲတော်ကြီး ကျရောက်တော့မှာဆိုတော့ အားလုံးလည်း ပျော်ရွှင်စွာဆင်နွှဲဖို့ ပြင်ဆင်နေကြမှာပါ။ ဒါပေမဲ့လည်း သင်္ကြန်ကာလ အပြင်ထွက်လည်တဲ့အခါ သာမန်အချိန်တွေထက် ပိုမိုပြီးလူအများကြီးနဲ့တွေ့ဆုံရနိုင်တာကြောင့် ပိုပြီးလည်း သတိပြုဖို့လိုပါတယ်။ အဓိက သတိပြုရမှာကတော့ ကိုယ့်ရဲ့ အဖိုးတန်ပစ္စည်းတွေဖြစ်ပါတယ်။ ရွှေ၊ နာရီ၊ ဖုန်း အစရှိတဲ့ ပစ္စည်းမျိုးတွေပေါ့။ သင်္ကြန်ကာလအတွင်း လည်ပတ်တဲ့အခါမှာ ဆွဲကြိုး၊ လက်ကောက် စတဲ့ မြင်တွေ့လွယ်တဲ့ ရွှေထည်တွေကို ဝင်ဆင်လေ့ မရှိပေမယ့် နားကပ်လို ပစ္စည်းမျိုးကိုတော့ဝတ်ဆင်လေ့ရှိကြမှာပါ။ ဒါကြောင့် နားကပ် အပါအဝင် တန်ဖိုးရှိတဲ့ ပစ္စည်းတွေဝတ်ဆင်ပြီး သင်္ကြန်ထွက်လည်တဲ့အခါ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။
၁။ အမြဲသတိရှိပါ
သင်္ကြန်ကာလမှာ လူတန်းစားပေါင်းစုံနဲ့ တွေ့နိုင်တာကြောင့် ရေကစားရင်း အပျော်မလွန်သွားဖို့ အရေးကြီးပါတယ်။ ကိုယ့်အနားမှာ ဘယ်လိုလူမျိုးတွေရှိနေတာလဲ။ မသင်္ကာစရာလူရှိလား။ ကိုယ့်ရဲ့ပစ္စည်းတွေရောခန္ဓာကိုယ်ပေါ်မှာရှိသေးလား။ စတာတွေကို အမြဲသတိပြုနေပါ။
၂။ ခိုင်မြဲစွာဝတ်ဆင်ပါ
နားကပ်ပဲဖြစ်ဖြစ်၊ နာရီပဲဖြစ်ဖြစ်၊ ဝတ်ဆင်တဲ့အခါမှာ ကလစ်တွေသေချာမိလား။ သေသေချာချာခိုင်မြဲနေလား ဆိုတာကို စစ်ဆေးပြီးမှာ အပြင်ထွက်လည်ပါ။ ဖုန်းဆိုရင်လည်း ရေစိုခံအိတ်စွပ်ထားလား။ ဘယ်နေရာမှာ ထည့်ထားလဲ။ စတာတွေကို သေချာမှတ်သားပါ။ ဒါမှသာ ကိုယ့်အဖိုးတန်ပစ္စည်းတွေ ဆုံးရှုံးမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
၃။ မိသားစုနဲ့ပဲသွားလာပါ
သင်္ကြန်ကာလအတွင်း အပြင်ထွက်လည်တဲ့အခါ ကိုယ့်မိသားစု၊ ရင်းနှီးတဲ့သူငယ်ချင်း မိတ်ဆွေတွေနဲ့သာသွားလာပါ။ ကိုယ့်အုပ်စုထဲ လူစိမ်းတွေ ပါလာတာမျိုး ရှိရင်တော့ အဖိုးတန်ပစ္စည်းတွေကို မဝတ်စားထားတာ ကောင်းပါတယ်။ လူ့စိတ်ဆိုတာ ဘာမှန်းမသိနိုင်တဲ့အတွက် ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါ။
၄။ လူများတဲ့နေရာရှောင်ပါ
သွားလာတဲ့အခါမှာ အဖိုးတန်ပစ္စည်းတွေ ဝတ်ဆင်ထားရင် တတ်နိုင်သမျှလူထူထပ်တဲ့နေရာတွေကို ရှောင်ပြီးသွားလာသင့်ပါတယ်။ လူအုပ်တွေ ကြားထဲရောက်ပြီး တိုးဝှေ့ရင်း မသမာသူတွေရဲ့ အခွင့်အရေးဖြစ်သွားနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါအပြင် တိုးဝှေ့လှုပ်ရှားရင်း ပြုတ်ကျကျန်ခဲ့တာမျိုးလည်း ဖြစ်နိုင်လို့ လူထူထပ်တဲ့၊ လူများတဲ့နေရာတွေကို ရှောင်သင့်ပါတယ်။
၅။ ညမိုးချုပ်တဲ့အထိမနေပါနဲ့
သင်္ကြန်ကာလလည်ပတ်တဲ့အခါမှာ အရမ်းကြီးမှောင်တဲ့အထိ လည်ပတ်မကစားသင့်ပါဘူး။ မှောင်လာလေလေ၊ ဘေးပတ်ဝန်းကျင် မြင်ကွင်းကို ရှင်းလင်းစွာ မမြင်နိုင်တာကြောင့် အဖိုးတန်ပစ္စည်းဝတ်ဆင်လာရင် ထိန်းသိမ်းနိုင်ဖို့ အားနည်းပါတယ်။ ဒါကြောင့် လင်းလင်းထင်းထင်း အချိန်မှာသာ အပြင်ထွက်လည်ပြီး မမှောင်ခင် အိမ်ပြန်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒါတွေကတော့ သင်္ကြန်ကာလ အဖိုးတန်ပစ္စည်းတွေကို ထိန်းသိမ်းနိုင်ဖို့ အကြံပြုတဲ့ နည်းလမ်းလေးတွေ ဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေကို မှတ်သားပြီး ဆင်ခြင်အသုံးချနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။