ပြည်တွင်းသတင်း

ဗဟိုဘဏ်နှင့်ဒေါ်လာ

centralbankanddollar

ဒီတစ်ပတ်အတွက်မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ လက်ရှိမြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ ဒေါ်လာဈေးအခြေအနေလေးပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဒေါ်လာဈေးမြင့်တက်လာမှုဟာ အခုဆိုရင် 4 လကျော် 5 လထဲအထိရှိလာပြီဖြစ်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုအပြင် Covid 19 ရဲ့တကျော့ပြန် ပြန်လည်လှုပ်ခတ်လာမှုများကြောင့် နိုင်ငံခြားငွေရင်းနှီးမြှုပ်နှံမှုအများစုရပ်ဆိုင်းခြင်းနဲ့ လုပ်ငန်းမတိုးချဲ့နိုင်မှုများကြောင့်လဲ အတက်ဘက်ကို ဦးတည်လျှက်ရှိပြီး နေ့စဉ်ဒေါ်လာဈေးအတက်အကျမြန်လျှက်ရှိပါသည်။  

ငွေသားလက်ဝယ်ရှားပါးလာတဲ့အပြင် ဗဟိုဘဏ်ရဲ့ ကြေညာချက်များကြောင့်လဲ အခြားပုဂ္ဂိုလ်ကဘဏ်များတွင် ငွေထုတ်ယူရာတွင်အခက်အခဲများနဲ့ရင်ဆိုင်နေရခြင်းကြောင့် နိုင်ငံခြားငွေလဲလည်မှုများမှာ မတည်မငြိမ်ဖြစ်နေခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဗဟိုဘဏ်မှဒေါ်လာဝယ်ယူရာတွင်လည်း Mobile Banking များဖြင့် ငွေပေးချေမှုများကိုရပ်ဆိုင်းထားပြီး ငွေသားဖြင့်သာဝယ်ယူလို့ရနေခြင်းကလည်း ပြသာနာတစ်ရပ်အနေနဲ့ ဒေါ်လာဈေးကို ပိုပြီးအတက်ဘက်ကို ဦးတည်စေပါတယ်။  

Covid-19 ကြောင့် နိုင်ငံခြားသို့တင်ပိုကုန်များရပ်ဆိုင်းမှုများရှိသလို သွင်းကုန်များရှားပါးလာခြင်းကြောင့်လည်း ကုန်ပစ္စည်းဈေးနှုန်းများသိသိသာသာမြင့်တက်လာပြီး ဈေးကွက်တွင်းပစ္စည်းရှားပါးလာမှု ပြတ်လက်မှုများကြောင့်လဲ ပုံမှန်ဈေးထက်ပိုပြီး ငွေပေးချေရခြင်းကြောင့် ငွေသားဖောင်းပွလာပြီး မြန်မာငွေကြေးတန်ဖိုးကျဆင်းလာရခြင်းကလည်း ဒေါ်လာဈေးမြင့်တက်လာမှုကိုသိသာစေပါတယ်။  

တိုင်းပြည်တစ်ပြည်ရဲ့ဘဏ္ဍာရေးမတည်မငြိမ်ဖြစ်ခြင်းက နိုင်ငံအတွက်များစွာဆုံးရှုံးမှုများသလို ပြန်လည်တည်ဆောက်ရေးအတွက်လည်း အချိန်ကာလအနေနဲ့ကြာတာကြောင့် ဗဟိုဘဏ်ရဲ့အခန်းကဏ္ဌက များစွာအရေးကြီးပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှု ငါးလအတွင်း ဒေါ်လာဈေးမှာ 1350 မှ 1640 အထိမြင့်တက်လာခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဗဟိုဘဏ်ရဲ့လုပ်ဆောင်ချက်များနှင့် ပုဂ္ဂိုလ်ကဘဏ်များအပေါ် ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းများအပေါ် အကောင်းဆုံးအဖြေရှာပြီး အမြန်ဆုံးတည်ငြိမ်ဖို့ လိုအပ်တာပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြန်လည်လှုပ်ခက်လာတဲ့ Covid 19 ကြောင့် ကမ္ဘာ့စီးပွားရေးလုပ်ငန်းအများစု ခက်ခဲနေခြင်းမှာလည်း ယခုအချိန်ထိမတည်ငြိမ်နိုင်သေးတာကြောင့် ကမ္ဘာ့ဈေးကွက်အခြေအနေအ တက်အကျများပေါ်မှုတည်၍လည်း ‌မြန်မာနိုင်ငံရဲ့ဒေါ်လာဈေးကွက်မှာ ပိုပြီး လှုပ်ခတ်လျှက်ရှိနေခြင်းဖြစ်ပါတယ်။  

အခုတင်ပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့ လက်ရှိမှာရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေများနဲ့အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ ဒေါ်လာဈေးကွက်အခြေအနေလေးတွေပဲဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ ဒေါ်လာဈေးကွက်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆို ဈေးကွက်ရဲ့ နောက်ဆုံးရသတင်းအချက်အလက်တွေကို မျက်ခြေမပြတ်စောင့်ကြည့်လေ့လာဖို့ အချိန်ပိုလိုအပ်တဲ့အကြောင်းလေးကိုလည်း ထပ်ဆင့်မျှဝေပေးချင်ပါတယ်။