ဆောင်းပါး

စေ့စပ်လက်စွပ်နဲ့ လက်ထပ်လက်စွပ်ဘယ်လိုကွာခြားလဲ?

Differents between Engagement and wedding rings

စေ့စပ်ရန် ရည်ရွယ်ထားသော ချစ်သူစုံတွဲများနှင့် လက်ထပ်ဖို့ရန်အတွက် ပြင်ဆင်နေကြသော သူများအတွက် ရည်ရွယ်၍ စေ့စပ်လက်စွပ်လေးနှင့် လက်ထပ်လက်စွပ် ကွာခြားခြင်းအကြောင်းအရာလေးများ၊  အခြားသိထားသင့်သော အချက်အလက်လေးမျာကို ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး မျှဝေတင်ဆက်ပေးလိုက်ပါသည်။

စေ့စပ်လက်စွပ်လေး၏ အဓိပ္ပါယ်သည် မိမိချစ်သူကို ပထမဆုံးလက်ထပ်ခွင့်တောင်းသောအခါဖြစ်စေ၊ လက်ထပ်ရန် ပြင်ဆင်နေသောအခါတွင်ဖြစ်စေ မိဘဆွေမျိုးများနှင့် တရားဝင်စေ့စပ်ကြောင်းလမ်း ပြီးသောအခါတွင်ဖြစ်စေ လက်မထပ်ရသေးခင်ကာလစပ်ကြားတွင် သတို့သမီးလောင်းအနေနှင့် မြတ်နိုးစွာ ဝတ်ဆင်ရသော လက်စွပ်အမျိုးအစား တစ်ခုဖြစ်ပါသည်။

စေ့စပ်လက်စွပ် အများစုသည် စိန်ဖြင့်ပြုလုပ်လေ့ရှိပြိး စိန်သည် တန်ဖိုးအားဖြင့်မြင့်မားပြီး ပျက်စီးမလွယ်သော အဖိုးတန်ကျောက်မျက် ရတနာတစ်ခု ဖြစ်သောကြောင့် မိမိ၏ ချစ်ခြင်းမေတ္တာကို တန်ဖိုးကြီးမားသော စိန်နှင့် တင်စားပြီး သတို့သားလောင်းသည် သတို့သမီးလောင်းအတွက် ဆင်မြန်းပေးခြင်းဖြစ်ပါသည်။ လက်ထပ်သောအခါ သတို့သား၏ ဘယ်ဘက် လက်သန်းကြွယ်တွင် မောင်းကွင်းလက်စွပ်ဝတ်ဆင်ပြီး သတို့သမီး၏ ဘယ်ဘက် လက်သန်းကြွယ်တွင် စေ့စပ်လက်စွပ်ဝတ်ဆင်ထားသော အပေါ်တွင် မောင်းကွင်းလက်စွပ်လေးကို ထပ်မံဝတ်ဆင်လေ့ ရှိကြပါသည်။ စေ့စပ်လက်စွပ်ကို စိန် ၁လုံး၊ စိန် ၃ လုံး၊ စိန် ၅ လုံးနှင့် ပြုလုပ်လေ့ ရှိကြပါသည်။ စိန်တစ်လုံးနှင့် ပြုလုပ်ထားသော လက်စွပ်လေးသည် love ဟုအဓိပ္ပါယ်ရပါသည်။ စိန် သုံးလုံးနှင့် ပြုလုပ်ပေးထားသော လက်စွပ်သည် I Love You ဟုအဓိပ္ပါယ် ရပြီး စိန်ငါးလုံးနှင့် ပြုလုပ်ထားသော လက်စွပ်လေးသည် I Love You So Much ဟု အဓိပ္ပါယ် ရပါသည်။

လက်ထပ်လက်စွပ်ဆိုသည်မှာ နှစ်ဦးသားရှေ့ဆက်လျှောက်ရမည့် ဘဝခရီးလမ်းတွင် အထိမ်းအမှတ်တစ်ခု အနေနှင့်ဖြစ်စေ၊ နှစ်ဦးသား၏ အချစ်သင်္ကတတစ်ခုအနေနှင့်ဖြစ်စေ၊ အိမ်ထောင်ပြုပြီးကြောင်း အသိအမှတ်ပြုစရာ တစ်ခုအနေနှင့်ဖြစ်စေ သိသားထင်ရှားစေနိုင်သော အမှတ်အသားတစ်ခုအနေနှင့် ဝတ်ဆင်ကြသော လက်စွပ်အမျိုးအစားတစ်ခုဖြစ်ပါသည်။

လက်ထပ်လက်စွပ်ကို အများအားဖြင့် ဘယ်ဘက်လက်သန်းကြွယ်တွင် ဝတ်ဆင်ကြပါသည်။ မည်သို့သော အကြောင်းအရာများကြောင့် လက်ထပ်လက်စွပ်အား ဘယ်ဘက်လက်သန်းကြွယ်တွင် ဝတ်ဆင်သည့်အကြောင်းအရင်းကို အခိုင်အမာ မသိကြသော်လည်း လက်ထပ်လက်စွပ်လေးသည် အချစ်၏ သင်္ကေတတစ်ခုပင်ဖြစ်ပါသည်။ သာမန်အားဖြင့် မြန်မာလူမျိုးအများစုသည် လက်ထပ်လက်စွပ်ကို ဘယ်ဘက်လက်သန်းကြွယ်တွင် ဝတ်ဆင်ကြသည်ကို တွေ့မြင်ကြရပါသည်။ ဆေးပညာများ မတိုးတက်ခင်ကာလ ရောမခေတ်ကတည်းကပင် လူတွေယုံကြည်ထားသည်မှာ ဘယ်ဘက်လက်သန်းကြွယ်တွင် လက်ထပ်လက်စွပ် ဝတ်ဆင်ရခြင်းမှာ ဘယ်ဘက်လက်သန်းကြွယ်သည် နှလုံးနှင့် အနီးဆုံးနေရာတွင်ရှိသည် ဟူသော အယူအဆကြောင့် ဖြစ်ပါသည်။

အချို့သောနိုင်ငံများတွင် လက်ထပ်လက်စွပ်ကို ညာဘက်လက်တွင် ဝတ်ဆင်ကြသည်ကို တွေ့ရပါသည်။ ဥပမာအားဖြင့် နော်ဝေး၊ ရုရှား၊ ဂရိ၊ ယူကရိန်း၊ ပိုလန်၊ ဂျာမနီ၊ ပေါ်တူဂီ နှင့် စပိန်အစရှိသော နိုင်ငံများတွင် လက်ထပ်လက်စွပ်ကို ညာဘက်လက်သန်းကြွယ်တွင် ဝတ်ဆင်ကြပါသည်။ ဂျူးလူမျိုးများ၏ ယဉ်ကျေးမှုသည် လက်ထပ်လက်စွပ်ကို သတို့သမီး၏ လက်ညိုးတွင် သတို့သားက ဝတ်ဆင်ပေးရသည်ဟု အဆိုရှိကြပါသည်။ လက်ထပ်လက်စွပ်လေးကိုတော့ ရွှေနှင့် ပြုလုပ်ပေးထားသော မောင်းကွင်းလက်စွပ်လေးတွေကို ဝတ်ဆင်ကြပါသည်။ မောင်းကွင်းလက်စွပ်လေးသည် အဆုံးအစ မရှိသော ချစ်ခြင်း၊ အိမ်ထောင်ရေးတွင် အဖုအထစ်မရှိ အိမ်ထောင်ရေးခရီး ချောမွေ့စေသော သဘောလေးသက်ရောက်သောကြောင့်ဖြစ်ပါသည်။

ယခုဖော်ပြပေးခဲ့သော အကြောင်းအရာလေးများသည် စေ့စပ်လက်စွပ်နှင့် လက်ထပ်လက်စွပ် ကွာခြားသော အကြောင်းအရာလေးများဖြစ်ပြီး ဗဟုသုတရရှိကာ စိတ်ကျေနပ်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။