ဆောင်းပါး

ဒူဘိုင်း သို့မဟုတ် ရွှေမြို့တော်

Dubai Gold

တစ်ကမ္ဘာလုံးမှာရှိတဲ့ မြို့ကြီးတွေထဲကမှ ရွှေကို ရေလိုသုံးတဲ့ တစ်ခုတည်းသော မြို့ကတော့ ဒူဘိုင်းမြို့ပဲဖြစ်ပါတယ်။ ဒူဘိုင်းမြို့ဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီးနိုင်ငံရဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဒူဘိုင်းမြို့မှာ ရေနံသူဌေးတွေ၊ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အအုံတွေ၊ ကမ္ဘာ့အကြီးဆုံး ကျွန်းအတုတွေ၊ ကမ္ဘာ့ဈေးအကြီးဆုံး ဇိမ်ခံကားတွေနဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဇိမ်ခံပစ္စည်းတွေရှိပါတယ်။ ဒူဘိုင်းမှာ နေထိုင်တဲ့အာရပ်သူဌေးကြီးတွေဟာ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို ပြသလိုတာကြောင့် သူတို့ရဲ့အသုံးအဆောင်ပစ္စည်းအများစုကို စိန်ရွှေ‌ရတနာတွေနဲ့ စီခြယ်ထားလေ့ရှိပါတယ်။ စော်ဘွားမင်းသားတစ်ဦး ပိုင်တဲ့ မာစီဒီးဇိမ်ခံကားတစ်စီးကို စိန်အလုံးပေါင်းသုံးသိန်းနဲ့အလှဆင်ထားပြီး တစ်စီးလုံးကိုရွှေနဲ့ကွပ်ထားပါတယ်။ ဒါ့အပြင် ဒူဘိုင်းမြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ ကားပြပွဲတစ်ခုမှာလည်း ဒေါ်လာတစ်သန်းတန် ရွှေကွပ်ထားတဲ့ ပြိုင်ကားတစ်စီးကို ပြသခဲ့ဖူးပါတယ်။ အဆိုပါကားရဲ့နာမည်ကိုတော့ ဂေါ်ဇီလာလို့အမည်ပေးထားပြီး ကားတစ်စီးလုံးမှာ ကနုတ်တွေကိုလည်းထွင်းထားပါသေးတယ်။

ကားတင် မဟုတ်သေးပါဘူး လေယာဉ်တစ်လုံးကိုပါ စိန်စီထားတဲ့ ဇိမ်ခံလေယာဉ်တစ်စီးကိုလည်း ဒူဘိုင်းမှာ ပြသခဲ့ဖူးပါသေးတယ်။ ဇိမ်ခံတန်ဖိုးကြီးအသုံးအဆောင်တွေမှာ အသုံးပြု‌လေ့ရှိတဲ့ စိန်မှုန်များနဲ့ဆေးခြယ်ထားတဲ့အတွက် လေယာဉ်ကြီးဟာ အရောင်တစ်လျှပ်လျှပ်တောက်ပနေပါတယ်။ ဇိမ်ခံလေယာဉ် စီးတာခြင်းအတူတူ စိန်စီထားတဲ့ လေယာဉ်ကိုစီးတာလို့ ကြွားဝါလိုရအောင် ယခုလို ပြုလုပ်ခဲ့တာပါလို့ လေယာဉ်ကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီက ပြောခဲ့ပါတယ်။ ဒူဘိုင်းမှာ ဇိမ်ခံပစ္စည်းတွေကို ရွှေနဲ့စီခြယ်ထားတာအပြင် ရွှေနဲ့ ပြုလုပ်ထားတဲ့အစားအသောက် မျိုးစုံကိုလည်း ရနိုင်ပါသေးတယ်။ ၂၃ ကာရက် အလေးချိန်ရှိပြီး စားလိုရတဲ့ ရွှေအလိပ်လေးတွေထည့်ထားတဲ့ ရေခဲမုန့်တစ်ခွက်ဟာ ၈၁၇ ဒေါ်လာတန်ဖိုး ရှိပါတယ်။ ဒူဘိုင်းရဲ့ တော်ဝင်မိသားစုတွေပဲ စားဖို့ဖန်တီးထားတဲ့ ပီဇာဟာ ရွှေနဲ့ပြုလုပ်ထားပြီး ပေါင် ၁၃၁၀၀၀ တန်ဖိုးရှိပါတယ်။ အဆိုပါ ပီဇာကို တော်ဝင်မိသားစုတွေအတွက်သာ ဖန်တီးခဲ့ပေမယ့် တန်ဖိုးကြီးလွန်းလှတဲ့ အစားအသောက်တွေကိုမှ စားချင်ပါတယ်ဆိုတဲ့ ဒူဘိုင်းရဲ့ သူဌေးတွေကြောင့် နောက်ပိုင်းမှာ မီနူးထဲကိုထည့်သွင်းခဲ့ရပါတယ်။ တန်ဖိုးကြီး အစားအသောက်တွေ စားပြီးပြီဆိုရင်တော့ စားလို့ရတဲ့ ရွှေနဲ့ပြုလုပ်ထားတဲ့ ဒေါ်လာတစ်ထောင်တန်ကြေးရှိ အချိုပွဲနဲ့ လည်း အချိုတည်းနိုင်ပါသေးတယ်။ အစားအသောက်တွေမှာ အသုံးပြုတဲ့ရွှေတွေဟာ ၂၂ ကာရက်ကနေ ၂၆ ကာရက်အထိ အလေးချိန်တယ်လို့ သိရပါတယ်။ ဒူဘိုင်းဟာ အလှကြိုက်တဲ့ အမျိုးသမီးတွေအတွက်လည်း စိတ်မပျက်စေရပါဘူး။ ဒူဘိုင်းမှာ ဖွင့်လှစ်ထားတဲ့ အလှပြင်ဆိုင်တွေမှာ ၂၄ ကာရက် အလေးချိန်ရှိတဲ့ ရွှေနဲ့ မျက်နှာ ရွှေသွင်းလို့ပါတယ်။ အာရပ်အမျိုးသမီးအများစုကတော့ တစ်လမှာ နှစ်ကြိမ်ကနေ သုံးကြိမ်အထိ မျက်နှာရွှေသွင်းလေ့ရှိတယ်လို့ သိရပါတယ်။

ရွှေကိုပဲ သီးသန့်ဝယ်ချင်ပါတယ်ဆိုတဲ့ သူဌေးတွေ အတွက်လည်း ဒူဘိုင်းမှာ ရွှေသီးသန့်ရောင်းတဲ့ ဈေးကြီးတစ်ခု ရှိပါသေးတယ်။ ရွှေဈေးကြီးမှာ ဈေးဝယ်လို ပိုက်ဆံကုန်သွားတဲ့အခါ အလွယ်တကူ ထုတ်လို့ရတဲ့ ATM စက်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒူဘိုင်းမှာ ရှိတဲ့ ATM စက်တွေက ငွေသားပဲထုတ်‌ပေးတာ‌တော့မဟုတ်ပါဘူး ရွှေ‌တုံးတွေပါထုတ်ပေးတာဖြစ်ပါတယ်။ ဟုတ်ပါတယ် အာရပ်စော်ဘွား‌တွေရဲ့ကြွယ်ဝမှုပြရုပ်အဖြစ် ရွှေချထားပြီး ရွှေထုတ်လို့ရတဲ့ ATM စက်တွေကိုလည်း ဒူဘိုင်းမှာ တွေ့နိုင်ပါတယ်။ ဒီစက်တွေကနေ ၂၄ ကာရက်ရှိတဲ့ ရွှေတုံးတွေအပြင် ရွှေဒင်္ဂါးတွေကိုပါ ထုတ်ယူနိုင်ပါတယ်။ ရွှေထုတ်လို့ရတဲ့ ATM စက်တွေကို အသုံးပြုသူများလွန်းတာကြောင့် တစ်ပတ် နှစ်ခါ ရွှေပြန်ဖြည့်ပေးနေရတယ်လို့ သိရပါတယ်။ ယခုလိုမျိုး ရွှေကိုရေလိုသုံးပြီး‌တော့ အာရပ်သူဌေးကြီးတွေက သူတို့ရဲ့ချမ်းသားကြွယ်ဝမှုကို ပြ‌သနေကြပါတယ်။ ဒါကြောင့်လည်း ဒူဘိုင်းကို ရွှေမြို့တော်လို့ တင်စားခေါ်ဝေါ်‌ နေကြခြင်း ဖြစ်ပါတယ်။