ဆောင်းပါး

ဝေရောစန ကျောက်စိမ်းစေတီတော်

U Hton MDY Pagoda

ဗုဒ္ဓဘာသာကို အဓိကထား ကိုးကွယ်ကြသည့် ကျွန်တော်တို့မြန်မာနိုင်ငံတွင် အံ့ဩဖွယ်တန်ခိုးကြီးဘုရားများ၊ ထူးခြားစွာ တည်ထားကိုးကွယ်ထားသည့် စေတီပုထိုးများ များစွာတည်ရှိလျက်ရှိပါသည်။ ထိုစေတီပုထိုးများထဲတွင် ဝေရောစန‌စေတီတော်မြတ်ကြီးလည်း အပါအဝင်ဖြစ်ပါသည်။ “ဝေရောစန” ဆိုသည့်ဘွဲ့‌ အမည်မှာ တစ်ကမ္ဘာလုံးရှိ ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး ရှိခိုးဆုတောင်းနိုင်သည်ဟု အဓိပ္ပါယ်ရပါသည်။

ထို့အပြင် ဝေရောစ‌န စေတီတော်မြတ်ကြီးတွင် ရှိခိုးဆုတောင်းပါက အေးချမ်းခြင်း၊ မင်္ဂလာရှိခြင်း၊ တိုးတက်ကြီးပွားခြင်း၊ လာဘ်ပွင့်ခြင်း၊ ကံကောင်းခြင်း၊ ကျက်သရေရှိခြင်း၊ အောင်မြင်ခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ အန္တရာယ်မကျရောက်စေခြင်းနှင့် ဆုတောင်းပြည့်ခြင်းတို့ကို လက်ငင်းအကျိုးထူးခံစားရမည်ဟုလည်း အဓိပ္ပါယ်ရပါသည်။ ဤကဲ့သို့ တန်းခိုးကြီးမားလှသော ဝေရောစနစေတီတော်မြတ်ကြီးကို ကျောက်စိမ်းတန်ချိန် တစ်ထောင်ကျော်အသုံးပြု၍ တည်ထားကိုးကွယ်ထားသည့်အတွက် အံဩဖွယ်လည်းကောင်းလှပါသည်။ စေတီတော်ကြီးကို မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမှူးကျေးရွာအုပ်စုတွင် ဖူးမျှော်ကြည်ညိုနိုင်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၃၆၁) ၏အနောက်ဘက် အနီးနားတွင် တည်ရှိပါသည်။ ထိုကျောက်စိမ်းစေတီတော်မြတ်ကြီးကို အုတ်၊ သဲ ၊ ကျောက်များ လုံးဝအသုံးမပြုဘဲ မြန်မာပြည်တွင်းထွက် ကျောက်စိမ်းအရိုင်းတုံးများကိုသာ သွေးဖြတ်၍ တည်ထားကိုးကွယ်ထားခြင်းဖြစ်၍ ပို၍အံသြဖွယ်ကောင်းလှပါသည်။ ထို့အပြင် တန်းဖိုးမြင့်ကျောက်စိမ်းတန်ချိန် ၈၅၀ ဌာပနာ ထားသည့်အတွက်  စေတီတော်၏ ကျောက်စိမ်းများသီးသန့်တန်ဖိုးမှာ “သိန်းပေါင်း  (၃၃၄၆၁၉.၀၃) ကျပ်” ခန့် ရှိသည်ဟု  ကျောက်စိမ်းအရည်အသွေး ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားပါသည်။ ဝေရောစန ကျောက်စိမ်းစေတီတော်မြတ်ကြီးကို 2012 ခုနှစ်၊ ဒီဇင်ဘာလ၊ 21 ရက်နေ့မှစတင် တင်ထားကိုးကွယ်၍ 2015 ခုနှစ်၊ ဇွန် လ၊ 5ရက်နေ့တွင်ပြီးစီးခဲ့ပါသည်။ စေတီတော်ကြီး၏ ဉာဏ်တော်အမြင့်မှာ ၇၅ ပေ ၆ လက်မ၊ ထီးတော် ၇ ပေ နှင့် ငှက်ပျောဖူး ၈ ပေ ၆ လက်မ ရှိကြောင်း သိရှိရပါသည်။

ဘုရားဒါယကာ ဦးစိုးနိူင်နှင့် ဘုရားဒါယိကာမ ဒေါ်အေးအေးခိုင် မိသားစုတို့မှ ခမ်းနားထည်ဝါသော ပြည်တွင်းထွက် ကျောက်ရိုင်း၊ ကျောက်ချောတို့ဖြင့် တန်ဆာဆင်၍ ကြည်ညိုဖွယ်ရာ ဝေရောစနကျောက်စိမ်းစေတီတော်ကြီးကို တည်ထားကိုးကွယ်ခြင်းဖြစ်ပါသည်။‌‌ စေတီတော်ကြီးအား လှိုဏ်ဂူပုံသဏ္ဍန်တည်ထားပြီး အရပ်လေးမျက်နှာတွင် ဂူပေါက်ဝလေးပေါက်ပါရှိပါသည်။ ထိုဂူပေါက်ဝများကို  မြန်မာ့ရိုးရာကနုတ်များဖြင့် အလှဆင်ထားပြီး စေတီတော်ကြီးတွင် ဘုရားဆင်းတုတော်ပေါင်း သုံးသောင်းနှင့် ပူဇော်ထားပါသည်။ ထို့အပြင် စေတီတော်ကြီးတွင် ပါရမီဆယ်ပါးကျောက်စိမ်းစာလုံးများ၊ ပန်းတင်ခုံနံရံအထက်တွင် အောင်ခြင်းရှစ်ပါးအောင်တော်မူခန်းများ၊ ဇာတ်တော်ကြီးဆယ်ဘွဲ့နှင့် မုခ်ဦးလေးမုခ်တွင် မဟာဗောဓိညောင်ပင်ပုံသဏ္ဍန် ကျောက်စိမ်းရုပ်ပုံတို့ကို ကပ်လှူထားသည်။ အလှူရှင်ဦးစိုးနိုင် ကိုယ်တိုင်ပင် စေတီတော်ကြီး၏ ဒီဇိုင်းများနှင့် ပန်းပုပုံများကို ပုံဖော်စီမံခန့်ခွဲ ကပ်လှူထားသည်ဟု‌လည်း သိရှိရပါသည်။ စေတီတော်ကြီးအား ငွေကျပ်သိန်းပေါင်း တစ်သိန်းလေးသောင်းကျော်အထိ ကုန်ကျခံ၍ တည်ထားကိုးကွယ်ခဲ့ပါသည်။ မိဘပြည်သူများအနေဖြင့် မန္တ‌လေးမြို့သို့ အလည်သွားရောက်ဖြစ်ခဲ့သော် ဝေရောစန ကျောက်စိမ်းစေတိတော်မြတ်ကြီးသို့ သွားရောက်ဖူးမျှော်၍ ကုသိုလ်ကောင်းမှု အစုစုတို့ကို ဝမ်းမြောက်နုမော် သာဓုခေါ်နိူင်ကြပါစေကြာင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။