စိန်အကြောင်းသိကောင်းစရာ, ပညာရေး

မြန်မာ့စိန်

Myanmar Diamond

ပြည်ထောင်စုမြန်မာနိုင်ငံတွင် စိန်ကို မိုးကုတ်၊ မိုးမိတ်နှင့် သပိတ်ကျင်းမြို့နယ်၊ သုံးခုဖိုခုံလောက် ဆိုင်ဝန်းရံထားသည့်မိုးမိတ်မြို့နယ် ကြိမ်တောရွာဒေသတွင် စတင်တွေ့ရှိခဲ့တယ်လို့ သိရှိရပါတယ်။ ကြိမ်တောရွာသူရွာသားများက နီလာနှင့် ပတ္တမြားရှာဖွေရင်း စိန်ကို စတင်တွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ယင်းစိန်ကို ကျောက်သားနှစ်မျိုးတွင် တွေ့ရတတ်ပြီး ပထမကျောက်သားတစ်မျိုးမှာ“ဗေ့”နှင့်”ဗေ့လွန်”ကျောက်သားမျိုးရှိရာ မီးသင့်ကျောက်များ ဖြစ်ပါသည်။ ထိုကျောက်သားမျိုးတွင် မူလအခြေခံအနေဖြင့် တွေ့ရတတ်ပါသည်။အခြားကျောက်သားတစ်မျိုးမှာ မူလအရင်းတည်ရာ ဒေသမှ အတူမျောပါလာသည့် ရေဆောင်ကျောက်နည်များတွင် တွေ့ရတတ်သည်။ မိုးကုတ်ဒေသ၏ ဘူမိဗေဒအခြေအနေမှာ” ဂရန်နူလိုက် လိပ်သဲ”ကျောက်မျိုးဖြစ်သည်။ ထိုကျောက်သားမျိုးသည် မိုးမိတ်လွင်ပြင်အထိ ထိုးဝင်သွားသည်။ မိုးမိတ်နယ်တွင် ကျောက်သားမျိုးအများစုကို “တတိယ ကပ်အနည်ကျ ကျောက်သား ” များက ဖုံးလွှမ်းထားသည်။ ယင်းဒေသတွင်”အဓိကမီးသင့်အောင်းကျောက်”နှင့်”နှမ်းဖတ်ကြီး ကျောက်ကြောများ”ကိုတွေ့ရပြီး အခြားသတ္တုများလည်း ရောနှောနေတတ်သည်။ မိုးမိတ်၏ အနောက်မြောက်ဘက် ဆယ်မိုင်ခန့်အကွာတွင် မျက်ရွဲကျောက်များကိုလည်း နှမ်းဖတ်ကြီးကျောက်မှ ရွေးချယ်တွေ့ရှိဖူးသည်။ အရှည်သုံးလက်မရှိသောအစိမ်းရောင်မျက်ရွဲကျောက်ကိုပင် တွေ့ခဲ့ဖူးပါသည်။ ကြွေကျောက်နှင့် မီးခိုးရောင်သလင်းကျောက်များကိုလည်း တွေ့ရသည်။ ထို့ကြောင့် ယင်းဒေသမြောက်ဘက်ရှိ ကျောက်စိုင်တွင် စိန်များ အခြေတည်ရှိမည်ဟု တွက်ဆခဲ့ကြသည်။

ကျောက်မျက်ရတနာကုန်သည်တစ်ဦးက ၁၉၅၉ခုနှစ်အတွင်းက မိုးမိတ်မှ ကျောက်မျက်တချို့ကို ဝယ်ယူခဲ့သည်။ သူဝယ်ခဲ့သောကျောက်များမှာ စိန်များဖြစ်နေကြောင်း နောင်သောအခါမှ သိရှိရပြီး ခွဲစိတ်သွေးဖြတ်၍ ရောင်းချခဲ့သည်။ ၁၉၇၁ ခုနှစ်အောက်တိုဘာအတွင်းက စတင်၍ မိုးမိတ်ဒေသအတွင်း၌ ဘူမိဗေဒ လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ထိုဒေသမှာ ကြိမ်တောရွာ နှင့် ခြောက်မိုင်ဝေးသော “ရင်းဗြား” နှင့် “သပြေချောင်းကော”တို့တွင် ဖြစ်သည်။

Satellite Map  များကိုလေ့လာရာတွင်လည်း ထိုဒေသနှစ်ခုပါဝင်ခဲ့သည်။ ထိုဒေသတွင် ပတ္တမြားနှင့်နီလာကျောက်မျက်များ ရှာဖွေတူးဖော်သည့်လုပ်ငန်းများမှာ မည်သည့်အချိန်က စတင်ခဲ့သည် မသိရသော်လည်း ဒေသခံတို့မျှော်ကိုးကြသည့် ကျောက်မျက်ရတနာများတွင် စိန်မပါခဲ့ပါ။ ယင်းဒေသခံတို့သည် ပတ္တမြားနှင့်နီလာကိုသာ အလေးထားရှာဖွေနေကြလေသောကြောင့် စိန်များပါလာလျှင်လည်း သတိထားမိမှာမဟုတ်ပါ။ ထို့ကြောင့်လွန်ခဲ့သောနှစ်နှစ်ဆယ်မှ ကျောက်မျက်ရှာဖွေရေးတွင် စိန်ကို သတိပြုရကောင်းမှန်း သိလာကြသည်။ ထို့ကြောင့် လွန်ခဲ့သော ၁၉၉၀ ခုနှစ်ဝန်းကျင်က နှစ်အနည်းငယ်အတွင်းကို စိန်ရိုင်းတုံးအလုံး ၁၅၀ ကျော် တူးဖော်ရရှိခဲ့သည်ဟု ဆိုကြသည်။ တွေ့ရှိရသည့်စိန်များမှာ တစ်ကာရတ်မပြည့်သည့်အရွယ်မှ ငါးကာရတ်အရွယ်အစားထိ အစားစားဖြစ်သည်။ အရောင်အဆင်းမှာလည်း အမျိုးမျိုးဖြစ်ပြီး အရောင်မဲ့၊ အဖြူရောင်နှင့်အဝါရောင်အမျိုးမျိုးကို တွေ့ရှိခဲ့သည်။ ထိုစိန်တုံးအချို့ကို ဓာတ်ခွဲခန်းစစ်ဆေးကြည့်သောအခါ အနည်းငယ်ပုံပျက်နေသော်လည်း ရှစ်မျက်နှာတုံးများဖြစ်ပြီး မျက်နှာပြင်အနည်းငယ်ခွက်နေသည်။ ယင်းစိန်၏ သိပ်သည်းဆမှာ ၃ ဒဿမ ၅၃ ဖြစ်ပြီး အရောင်မဲ့ ဖြစ်သည်။ ‘ခရမ်းရောင်လွန်ဓာတ်ရောင်ခြည်’ ဖြင့် ထိုးကြည့်သောအခါ အပြာနုရောင်သန်းနေပြီး အနာအဆာလုံးဝမရှိလောက်အောင် ကောင်းမွန်နေသည်ကို တွေ့ရှိခဲ့ရပါသည်။ ၁၉၇၄ ခုနှစ်လောက်တွင် ပညာရေးဝန်ကြီးဌာနနှင့်သတ္တုတွင်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကာ သုတေသနတစ်ခု ပြုလုပ်ခဲ့ကြသည်။ ထိုသုတေသန၏ ရည်ရွယ်ချက်မှာ မြန်မာ့စိန်များ၏ မူလအရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ကြရန် ဖြစ်သည်။ ယခုအခါတွင် စိန်များကို တူးဖော်ရရှိနေပြီဖြစ်သကဲ့သို့ မူလအရင်းအမြစ် စိန်ထွက်ရာအရပ်ဒေသများကိုလည်း တွေ့ရှိခဲ့သောကြောင့် တူးဖော်နေကြပြီ ဖြစ်သည်။