ရွှေအကြောင်းသိကောင်းစရာ

မြင့်တက်လာသော ကုန်ဈေးနှုန်းနှင့်အတူ ငွေစုပြီးရွှေဝယ်နည်း

savinggoldindifficulttime

အခုလို အစစအရာရာတိုးတက်နေတဲ့ ခေတ်ကြီးမှာ နိုင်ငံတကာတွင် ငွေကြေးဖောင်းပွမှု ဒဏ်တွေကို အနည်းနဲ့အများ ခံစားနေကြရသလို တစ်ဖြည်းဖြည်းနဲ့မြင့်တက်လာတဲ့ကုန်စျေးနှုန်းတွေကြောင့်လည်း စီးပွားရေးတစ်ခုကို စလုပ်ဖို့ အချိန်ယူပြင်ဆင်ဖို့ ကြိုးစားနေတဲ့သူတွေနဲ့ လုပ်ငန်းတစ်ခုကို အစပြုဖို့ ပြင်ဆင်နေရင်း စီးပွားရေး အတက်အကျမြန်တာကြောင့် အလုပ်လုပ်ဖို့ မစတင်ရဲတဲ့သူတွေနဲ့ လုပ်ငန်းတစ်ခုကို ရင်းနှီးဖို့ ဆုံးဖြတ်ထားရာမှ ရှိတဲ့ငွေလေးနဲ့ အစပြုနိုင်တဲ့လုပ်ငန်းမျိုးက လိုက်လေဝေးလေဖြစ်နေတာကြောင့် မစနိုင်သေးတဲ့သူတွေအတွက်ရည်ရွယ်ပြီး ဒီအပတ်မှာ မျှဝေပေးဖို့ ရွေးချယ်ထားတဲ့ ဆောင်းပါးလေးကတော့ မြင့်တက်လာသော ကုန်ဈေးနှုန်းနှင့်အတူ ငွေစုပြီးရွှေဝယ်နည်းအကြောင်းပဲဖြစ်ပါတယ်။

ရွှေဆိုတာ “မရှိဝမ်းစာ ရှိတန်ဆာ” ဆိုတဲ့ ဆိုရိုးနဲ့ အညီ ရွှေကို မိမိတို့ခန္ဓာကိုယ်ပေါ်တွင် တန်ဖိုးကြီးသည့် လက်ဝတ်ရတနာတစ်မျိုးအဖြစ်ပင်မက နောက်အနာဂတ်အတွက် စီးပွားရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ်သာ မဟုတ်ဘဲ နောက်အနာဂတ်အတွက် ကျန်းမာရေးစရိတ်အဖြစ်သဖွယ် သဘောထားပြီး အိုစာမင်းစာအဖြစ်သော်လည်းကောင်း အမွေပစ္စည်းတစ်ခုအဖြစ်လည်းကောင်း သတ်မှတ်ပြီး ဝယ်ယူဝတ်ဆင်လေ့ရှိကြပါသည်။

အခုခေတ်ကာလမှာ ကုန်စျေးတွေနဲ့ အတူ အဖက်ဖက်ကစျေးတက်နေမှုတွေနဲ့ စျေးမတည်ငြိမ်မှုတွေအကြားမှာ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ဖို့ တွန့်ဆုတ်နေတဲ့သူတွေအနေနဲ့ ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးနဲ့ မရှုံးနိုင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို မီးမောင်းထိုးပြရမယ်ဆိုရင်တော့ ရွှေစုတာပဲဖြစ်ပါတယ်။

ရွှေစုတဲ့အခါမှာ နည်းလမ်း ၂ မျိုးဖြင့်စုနိုင်ပြီး တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အရင်းအနှီးအဖြစ်သော်လည်းကောင်း၊ အိုစာမင်းစာ ကျန်းမာရေးကိစ္စမှာသော်လည်းကောင်း၊ အနာဂတ်ရဲ့ အဖိုးတန် အမွေပစ္စည်းကဲ့သို့သော်လည်းကောင်း ပြန်လည်အသုံးချနိုင်ပါတယ်။ တကယ်လို့ စာဖတ်သူအနေနဲ့ ရွှေကို စီးပွားရေးလုပ်ငန်း လုပ်သလို ရင်းနှီးမြှုပ်နှံချင်ရင်တော့ လက်ဝတ်ရတနာအဖြစ် ကျောက်မျက်ရတနာတွေနဲ့ ပြုလုပ်ထားတဲ့ ဒီဇိုင်းဆန်းတွေအစား ” အလျော့တွက်လက်ခမပေးတဲ့ ရွှေတုံးမျိုး “ကို မိမိတို့ တက်နိုင်တဲ့ ပမာဏလောက်ကစပြီးရွေးချယ်ဝယ်ယူဖို့ အကြံပြုချင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကိုယ်ကရွှေကို စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို လုပ်ဆောင်ချင်တယ်ဆိုရင်တော့ မိမိဝယ်ယူလိုက်တဲ့ ပစ္စည်းရဲ့ တန်ကြေးထက်ပိုပြီး မပေးရအောင် အလျော့တွက်လက်ခမရှိတဲ့ ရွှေတုံးမျိုးကိုသာ ဝယ်ယူစုဆောင်းသင့်တာကြောင့်ပဲဖြစ်ပါတယ်။

ဒါ့အပြင် အရေးကြီးဆုံးနောက်တစ်ချက်ကတော့ ကမ္ဘာ့ရွှေစျေး နှင့် မြန်မာ့ရွှေစျေး တို့ကို နေ့စဉ်ထိတွေ့မှုရှိအောင် လေ့လာထားသင့်ပြီး ရွှေစျေးအတက်အကျကို တတ်နိုင်သမျှ ခန့်မှန်းနားလည်တတ်ဖို့ကလည်း အဓိကကျပါတယ်။ဒီလိုမှပဲ စျေးအတက်အကျကို နားလည်ပြီး ရွှေစျေးတက်ချိန်တွင် မိမိရင်းနှီးမြှုပ်နှံထားတဲ့ ရွှေတွေကို အချိန်အခါအလိုက် အရောင်းအဝယ်ပြုလုပ်ခြင်းဖြင့် မြင့်တက်လာသော ကုန်ဈေးနှုန်းကိုအမှီလိုက်ပြီး အဖက်တင်အောင် ကြိုတင်ရင်းနှီးမြှုပ်နှံတဲ့ စျေးကွက်တစ်ခုအဖြစ် အသုံးချဖို့မျှော်လင့်ရင်း နောက်အပတ်တွေမှ လည်း အခြားသောစိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါတယ်ခင်ဗျာ။