ဆောင်းပါး

ဘဝအောင်မြင်ရေး

successinlife

လူ့လောကတွင် ဖြစ်တည်ရန်အခက်အခဲဆုံးနှင့် တည်မြဲအောင်ထိန်းသိမ်းဖို့ ကြိုးစားအားထုတ်ရမည့် အရာသည် ဘဝအောင်မြင်မှု ရရှိရန်ပင်ဖြစ်ပါသည်။ လူတိုင်းအတွက် အောင်မြင်မှုကို အဓိပ္ပါယ်ဖွဲ့ဆိုပုံနှင့် သတ်မှတ်ပုံမှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားနေမည် ဖြစ်ပါသည်။ လူတိုင်းလူတိုင်းတွင် သူတို့ဘဝ၏ ရွေးချယ်ဆုံးဖြတ်ချက်နှင့် ဝါသနာပါရာကို အရင်းခံ၍ အောင်မြင်မှုလမ်းကြောင်းများ ရွေးချယ်ဆုံးဖြတ်လေ့ရှိပါသည်။ ထို့ကြောင့် ဆယ်ကျော်သက်လူငယ်များ၊ တက္ကသိုလ်တက်နေသည့် ကျောင်းသား/ကျောင်းသူများနှင့် လုပ်ငန်းခွင်ဝင်နေကျသည့် လူငယ်များအတွက် ရည်ရွယ်ပြီး ဘဝအောင်မြင်ရေးဆိုသည့် ဆောင်းပါးကို မျှဝေပေးလိုက်ပါသည်။ ယခုချိန်တွင် လူတိုင်းလူတိုင်းသည် အဘက်ဘက်မှ ရုန်းကန်လှုပ်ရှားနေကြသည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး အားလုံးအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေရန် ရည်ရွယ်ပြီး ဘဝအောင်မြင်ရေး ဆောင်းပါးလေးကို မျှဝေပေးလိုက်ပါသည်။

ဘဝအောင်မြင်မှုရရှိရေးအတွက် အသက်အရွယ်/အပိုင်းအခြားအရ ကြိုးစားအားထုတ်မှု ကွာခြားသလို ရည်မှန်းချက်/ရည်ရွယ်ချက်လည်း ကွဲပြားခြားနားမှုများ ရှိနေသည်ကိုတွေ့မြင်ရပါသည်။ ကျောင်းသား/ကျောင်းသူများအတွက် တစ်နှစ်တစ်တန်းအောင်မြင်ရန်နှင့် စာမေးပွဲတွင် အမှတ်ကောင်းကောင်း ရရှိရန်မှာ သူတို့၏ လတ်တလော ရည်ရွယ်ထားသော ပန်းတိုင်တစ်ခုပင်ဖြစ်ပါသည်။ လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေသူများအနေနှင့်ကတော့ မိမိလက်ရှိလုပ်ကိုင်နေသော အလုပ်တွင် တိုးတက်မှုရှာဖွေရန်နှင့် ရာထူး/လစာ စသည့် အခွင့်ရေးကောင်းများကို ရရှိပိုင်ဆိုင်နိုင်ရန်မှာ လုပ်ငန်းခွင်ဝင်နေသူများ၏ အောင်မြင်ခြင်းတစ်ခုဟုပင် မှတ်ယူထားပါသည်။ လူ့လောကကြီးတွင် တစ်နေ့ထက်တစ်နေ့ ဘဝအောင်မြင်ရန်အတွက် အချိန်နှင့်အမျှလုပ်ကိုင်နေကြပြီး ရရှိပြီးသောအောင်မြင်မှုများကို ရေရှည်တည်မြဲအောင် ထိန်းသိမ်းရခြင်းမှာလည်း လူတိုင်းအတွက် စိန်ခေါ်မှုတစ်ခုအနေနှင့် ရှိနေပါသည်။

လူလောကတွင် အရေးကြီးဆုံးကတော့ မိမိ၏အိမ်မက်က ဘယ်လိုအရာမျိုးဖြစ်သည်ကို သိထားရန်လိုအပ်ပါသည်။ ကိုယ်ရွေးချယ်လုပ်ကိုင်နေသော လုပ်ငန်းသည် ဝါသနာနှင့် တစ်ထပ်တည်းကျရန် လိုအပ်သလို ပျော်ရွှင်မှုရလားဆိုတာကတော့ မိမိကိုယ်ကို ပြန်မေးဖို့လိုအပ်ပါသည်။ ဘဝတွင် အောင်မြင်မှုနှင့် ကျဆုံးခြင်းသည် အမြဲဒွန်တွဲနေပြီး တစ်ခြားသူများမိမိကို သတ်မှတ်တာထက် မိမိကိုယ်ကို သတ်မှတ်နိုင်ရန်မှာ ပိုမို၍ အရေးကြီးပါသည်။ တစ်ခြားသူများပြောသမျှကို လိုက်လုပ်ပြီး အောင်မြင်မှုကို ရှာယူခြင်းထက် မိမိကိုယ်ပိုင်ဆုံးဖြတ်နှင့် အောင်မြင်မှုရှာဖွေနိုင်ရန်မှာ လွန်စွာအရေးကြီးလှပါသည်။

ယနေ့‌ခေတ်တွင် အောင်မြင်မှုတစ်ခုကို ရရှိရန်မှာ လွန်စွာအရေးပါပြီး ကြိုးစားအားထုတ်ရသကဲ့သို့ မိမိကိုယ့်ကို စီမံခန့်ခွဲနိုင်မှုမှာလည်း ဒုတိယအနေနှင့် အရေးပါလှသည်။ တစ်နေ့တာ အချိန်များကို စနစ်တကျ တိကျသေချာစွာ သတ်မှတ်ထားပြီး လုပ်သင့်လုပ်ထိုက်သော အရာများကို ဦးစားပေးအနေနှင့် အမြန်ပြီးမြောက်အောင် လုပ်ကိုင်နိုင်ခြင်းသည်လည်း ဘဝအောင်မြင်မှုအတွက် အရေးပါသော အချက်တစ်ခုပင် ဖြစ်ပါသည်။ သတိပြုရမည့်အချက်ကတော့ အောင်မြင်မှုလမ်းကြောင်းနောက်ကိုလိုက်ရင်း မိမိကိုယ်ကို မပျောက်ဆုံးသွားအောင် သတိပြုရမည် ဖြစ်ပါသည်။ မိမိကိုယ့်ကိုလည်း ကျန်းမာရေးအတွက် အစားအသောက်ကအစ သေချာဂရုစိုက်ပြီး ချစ်မြတ်နိုးဖို့လဲ လိုအပ်ပါသည်။

အဆုံးသတ်အနေဖြင့် လူတိုင်းအတွက် အင်အားတစ်ခုဖြစ်စေနိုင်မည့် အင်္ဂလိပ်စကားပုံလေးတစ်ခုကို မြန်မာလိုပြန်လည်ရေးသားပေးပြီး နိဂုန်းချုပ်အပ်ပါသည်။ ” အရှုံးမပေးသရွေ့ သင်ဘယ်တော့မှမရှုံး လက်မြှောက်အရှုံးပေးလိုက်ပြီဆိုရင်တော့ သင်လုံးဝရှုံးနိမ့်သွားပြီ ” ဟူသောကြောင့် ဘဝမှာ အောင်မြင်မှုမရခဲ့ရင်တောင် သင်သည် အမြဲကြိုးစားအားထုတ်နေရမည်ဖြစ်ပြီး ရည်မှန်းချက်ပန်းတိုင်ကို မရောက်မချင်းသွားရမည်ဟူသော ဇွဲလုံ့လကို လက်ကိုင်ထား၍ လဲကျရင်ပြန်ထနိုင်အောင် ကြိုးစားအားထုတ်ကြပါဟု တိုက်တွန်းပေးပြီး အောင်မြင်မှုပန်းတိုင်ကို လျှောက်လှမ်းနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။