ဆောင်းပါး

ရွှေနှင့်အလှူအတန်း

Gold and Donation

မြန်မာလူမျိုးများသည် အလှူရေစက် လက်နှင့်မကွာဆိုသလို အလှူအတန်းရက်ရောကြသော လူမျိုးများဖြစ်သည့်အပြင် အလှူအတန်းပြုလုပ်ရာတွင်လည်း မိမိတို့၏ တန်ဖိုးရှိသော တွင်းထွက်သတ္တုတစ်မျိုးဖြစ်သည့် ရွှေကိုအသုံးပြုကာ အလှူအတန်းပြုလုပ်လေ့ရှိကြပါသည်။ မကြာခင်ကာလအတွင်း ဝါလကင်းလွတ်သီတင်းကျွတ်ရောက်ရှိလာတော့မည် ဖြစ်ပါသောကြောင့် အလှူအတန်းများ ပိုမိုများလာမည့်အချိန်တွင် ရွှေနှင့်အလှူအတန်းပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများကို ‌မိဘပြည်သူပြည်သားများအတွက် မျှဝေပေးလိုက်ပါသည်။

ရွှေသည် ယနေ့အချိန်အခါတွင်မှာမှ တန်ဖိုးထားပြီး အလှူအတန်းပြုလုပ်ရာ သတ္တုတစ်မျိုးမဟုတ်ပဲ ဘုရားရှင်ပွင့်တော်မူသည့်အချိန်မှစ၍ ရွှေဖြင့် အလှူအတန်းပြုလုပ်မှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်မှုအရှိဆုံးနေရာတစ်ခုဖြစ်ကြောင်း ဗုဒ္ဓဘာသာများ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်မှ သက်သေတစ်ခုဖြစ်ပါသည်။ ကမ္ဘာ့ရွှေတောင်ကြီးဟု အသိအမှတ်ပြုခေါ်ရလောက်သည်အထိ မြန်မာလူမျိုးတို့၏ အလှူအတန်းများသည် နိုင်ငံတကာအလည်တွင် ယနေ့ထက်တိုင် စာရင်းဝင်လျှက်ရှိနေပါသည်။ အဓိကအားဖြင့် ရွှေနှင့် အလှူအတန်းပြုလုပ်ခြင်းသည် မြန်မာလူမျိုးများတွင်သာမက အခြားသော လူမျိုးများတွင်လည်း မိမိတို့၏ ကိုးကွယ်ယုံကြည်မှုအလိုက် ရွှေဖြင့်အဆောက်အအုံများဆောက်လုပ်ခြင်း၊ ပိရမစ်များတည်ဆောက်ခြင်း၊ ရုပ်ထုများထုလုပ်ကိုးကွယ်ခြင်းတို့ဖြင့်လည်း ရွှေကို အသုံးပြုလေ့ရှိကြပါသည်။ ရွှေဖြင့်အလှူအတန်း ပြုလုပ်ကြခြင်းသည် ဘာသာတရားများအလိုက် ကိုးကွယ်ယုံကြည်မှုများတိုင်းတွင် ယနေ့အချိန်အထိ ကမ္ဘာတွင် သမိုင်းဝင်အနေနဲ့ တည်ရှိနေပါသည်။

ရွှေနှင့် အလှူအတန်းများပြုလုပ်ခြင်းအားဖြင့် မိမိတို့၏ အလှူအပေါ် စေတနာသဒ္ဒါတရားထက်သန်မှုကို တွေ့မြင်နိုင်သလို မိမိ၏တန်ဖိုးထားမှုကိုလည်း ထင်ဟပ်စေသောကြောင့် ဘုရားတည်သည့်အခါတွင်‌ ရွှေချခြင်း၊ ဘုရားဌာပနာများတွင် မိမိတို့၏ လက်ဝတ်ရတနာတန်ဖိုးကြီးအသုံးအဆောင်များကို ထည့်သွင်း ဌာပနာခြင်း၊ စေတီတော်၏ ထီးတော်ကို ရွှေငွေကျောက်မြတ်ရတနာများနှင့်ထီးတင်ခြင်း၊ မိမိတို့၏ အလှူအတန်းပြီးသောအခါ ကြွရောက်လာသော တရားနာပရိသတ်များကို ရွှေ‌မိုးငွေမိုးရွာ၍ အလှူအတန်းပေးခြင်းနှင့် တရားပွဲများတွင်လှူဒါန်းခြင်း စသည်ဖြင့် မိမိတို့၏အလှူအပေါ် တန်ဖိုးထားရာရွှေကိုအသုံးပြုခြင်းဖြင့် သဒ္ဒါ‌တရားများ ပို၍ပွားများစေပါသည်။

မိမိတို့၏ သဒ္ဒါတရားသည်သာ အဓိကအရေးကြီးသောကြောင့် ညောင်စေ့လောက်လှူသော်လည်း ညောင်ပင်ကြီးလောက် အကျိုးပေးနိုင်သည်ဟု မြတ်ဗုဒ္ဓမှဟောကြားတော်မူထားသောကြောင့် မိမိတို့၏ အလှူအပေါ်မုဒိတာထားပြီး တရားဘဝနာအားထုတ်ခြင်းနှင့်အတူ အလှူရေစက်လက်နှင့်မကွာ လှူဒါန်းနိုင်ကြရန် ပို၍ အရေးကြီးပါသည်။

ထို့ကြောင့် မိမိတို့တန်ဖိုးထားရာ ရွှေကိုအသုံးပြု၍ ‌စေတီပုထိုးနှင့် ဆင်းတုတော်များတွင် အရောင်တောက်ပစွာနှင့်မြင်ရတိုင်း မိမိတို့၏အလှူအတွက် အမြဲအမှတ်ရစေနိုင်သလို လာရောက်ဖူးမြော်သူများအပေါ်တွင်လည်း ကြည်ညိုသဒ္ဒါပွားများနိုင်စေသည့်အပြင် မိမိ၏ လှူဒါန်းမှုများတွင်လည်းပါဝင်နိုင်ဖို့လှုံဆော်ပေးရာရောက်ပါသည်။ ထို့အပြင် နိဗ္ဗာန်ရောက်ကြောင်း တရားထူးတရားမြတ်များကို ကျင့်ကြံအားထုတ်ရာမှာလည်း မိမိ၏လှူဒါန်းမှုများသည် အထောက်အပံ့တစ်ခု အနေနှင့်ဖြစ်စေသည်ဆိုသည့် မြတ်ဗုဒ္ဓ၏အဆုံးအမကို သတိမူရင်း စထက်တပိုးလှူဒါန်းနိုင်ကြပါစေဟုဆန္ဒပြုရင်း ရွှေနှင့် အလှူအတန်းလုပ်ခြင်း၏ အကျိုးကျေးဇူးများကို မျှဝေပေးလိုက်ပါသည်။