ကျောက်မျက်အကြောင်းသိကောင်းစရာ

ပုလဲနက်အကြောင်းသိကောင်းစရာ

black pearl

ပုလဲချစ်သူမိဘပြည်သူများအတွက် ရည်ရွယ်ပြီး ပုလဲအမျိုးအစားများထဲမှ တစ်မျိုးအပါအဝင်ဖြစ်သော ပုလဲနက်အကြောင်းအရာလေးကို စိတ်ဝင်စားသော သူများအတွက် ပုလဲနက်အကြောင်း သိကောင်းစရာများကို တင်ဆက်ပေးလိုက်ပါသည်။

ပုလဲဟု ပြောလိုက်သည်နှင့် လူအများ၏ အတွေးအာရုံထဲတွင် ပေါ်လာသည်မှာ ကမာကောင်လေးများဆီမှ ရရှိသော သဘာဝကျောက်မျက် ရတနာတစ်ခုဖြစ်ပါသည်။ သို့သော် ပုလဲများသည် ထူးခြားဆန်းပြားသော အရောင်အသွေးမျိုးစုံရှိသည့် တန်ဖိုးကြီး ကျောက်မျက်ရတနာတစ်ခုဖြစ်ကာ များသောအားဖြင့် ပုလဲအရောင်သည် ၉ ရောင်အထိ တွေ့ရှိနိုင်ပြီး ၎င်းတို့မှာ အဖြူရောင်၊ အနက်ရောင်၊ ပန်းရောင်၊ ခရမ်းရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ ရွှေအိုရောင်နှင့် ချောကလက်ရောင်တို့ ဖြစ်ကြပါသည်။

ထိုကဲ့သို့ အရောင်အသွေးစုံလင်သော ပုလဲများအနက် အနက်ရောင်ပုလဲ( Tahitian Pearl) ဟုခေါ်သော ပုလဲနက်သည် ရောင်စုံပုလဲများကြားတွင် လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုအနေနှင့်သတ်မှတ်ပြီး စိတ်ဝင်စားမှု အခံရဆုံး ပုလဲတစ်မျိုးဖြစ်သည်။ ပုလဲနက်များသည် လျှို့ဝှက်ဆန်းကြယ်မှု၊ လွတ်လပ်မှု၊ ခွန်အားနှင့် ကြွယ်ဝမှုများကို ကိုယ်စားပြုသည်။

ပုလဲနက်သည် ပုလဲများထဲတွင် အရှားပါးဆုံးအရောင်ဖြစ်ပြီး ပုလဲနက်၏ အရောင်တောက်ပလေ တန်ဖိုးကြီးလေဖြစ်သည်။ ဒဏ္ဍာရီများထဲတွင် ပုလဲနက်ဆောင်ခြင်းသည် စည်းစိမ်ချမ်းသာနှင့် ဆက်စပ်နေပြီး ကံကောင်းခြင်းများနှင့် ချမ်းသာကြွယ်ဝမှုကို ယူဆောင်လာသည်ဟု ဆိုကြပါသည်။

ပုလဲနက်ကောင်းကောင်းကို ပိုင်ဆိုင်ထားသူ သို့မဟုတ် ဝတ်ဆင်ထားသူသည် စည်းစိမ်ချမ်းသာမှုကို ကိုယ်စားပြုသော နတ်သမီး၏ ကောင်းချီးပေးမှုကိုခံရပြီး အသက်ရှည်၍ မကောင်းကြံသူများလက်မှ လွတ်ကင်းပြီး ဉာဏ်ပညာ တိုးပွားစေပါသည်။ ထို့အပြင် ပုလဲနက်သည် အမျိုးသမီးများအတွက် ပို၍သင့်လျော်ပြီး ထက်မြက်သော အမျိုးသမီးများကို ကိုယ်စားပြုသော ကျောက်မျက်ရတနာ တစ်မျိုးလည်းဖြစ်ပါသည်။

အလှကုန်ပစ္စည်းများပြုလုပ်သောအခါတွင်လည်း ပုလဲနက်ထည့်သွင်းထားသော အလှကုန်များမှာ ပို၍နာမည်ကြီးကာ အရွယ်တင်နုပျိုစေသည့် Calcium အာနိသင်ကြွယ်ဝစွာပါဝင်ပြီး အသားအရည်ကို ရေဓာတ်ဖြည့်တင်းပေးခြင်း၊ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးသော ဓာတ်များပါဝင်သောကြောင့် အလှအပရေးရာအတွက်တင်လည်း ပုလဲနက်သည် များစွာ အသုံးဝင်ပါသည်။

ယခုဖော်ပြပေးသော အကြောင်းအရာလေးသည် အနက်ရောင် အဆင်းရှိသော ပုလဲနက်အကြောင်းလေးဖြစ်ပြီး ပုလဲနက်၏ အကျိုးကျေးဇူးလေးများကို သိရှိပြီး ဗဟုသုတရရှိလိမ့်မည်ဟု ယုံကြည်မိပါသည်။