ဆောင်းပါး

မောင်းကွင်းလက်စွပ်လေးရဲ့ အဓိပ္ပါယ်

plain ring

လက်ထပ်ပွဲ ကျင်းပကြမယ့် မင်္ဂလာမောင်နှံများနှင့် ချစ်သူစုံတွဲများအတွက် ရည်ရွယ်ပြီး အမေးအများဆုံး မေးခွန်းများထဲတွင် တစ်ခုအပါ အဝင် ဖြစ်သော မောင်းကွင်းလက်စွပ်လေး၏ အဓိပ္ပာယ်လေးကို ဗဟုသုတရရှိစေရန်အတွက် တင်ဆက်ပေးလိုက်ပါသည်။

ဆင်တူလက်စွပ်များဝတ်ဆင်ခြင်းသည် ချစ်သူစုံတွဲများအကြားတွင် ရေပန်းစားခေတ်စားလာပြီး ချစ်ခြင်း၏သင်္ကေတ တစ်ခုအဖြစ် သတ်မှတ်ကာ အမြတ်တနိုးတန်ဖိုးထား ဝတ်ဆင်လာကြသည်ကို တွေ့ရှိရပါသည်။ မောင်းကွင်းလက်စွပ်လေးသည် အဆုံးအစ မရှိသော ချစ်ခြင်းဟု အဓိပ္ပာယ်ရပြီး ဘဝအတွက် အဓိပ္ပါယ်ရှိသော လက်စွပ်အဖြစ် သတ်မှတ်ကြပြီး ချစ်သူဘဝတွင်ဖြစ်စေ တရားဝင်လက်ထပ်ပြီးသော အခါတွင်ဖြစ်စေ ရွေးချယ်စရာ လက်စွပ်ဒီဇိုင်းများထဲမှ မောင်းကွင်းလက်စွပ်လေးများကို အများဆုံးရွေးချယ်ကြပါသည်။

မောင်းကွင်းလက်စွပ်လေးကို အဓိကရွေးချယ် ဝတ်ဆင်ကြခြင်း၏ အဓိကအကြောင်းအရင်းသည် မောင်းကွင်းလက်စွပ်လေးသည် ချော့မွေ့ပြီး အဖုအထစ်မရှိ ဆင်းလုံးချောဖြစ်သောကြောင့် အိမ်ထောင်ရေးတွင် အဖုအထစ်မရှိ အနှောင့်အယှက်မရှိခြင်းဆိုသည့် သဘောလေး သက်ရောက်သောကြောင့် အများစု ရွေးချယ်ဝတ်ဆင်ကြခြင်းဖြစ်ပါသည်။

ထို့အပြင် မောင်းကွင်းလေးသည် အဆုံးအစမရှိ ပြုလုပ်ပေးထားသောကြောင့် အဆုံးအစ မရှိသော ချစ်ခြင်း၊ ချောမွေ့သော အိမ်ထောင်ရေးအဓိပ္ပါယ် ရှိသည်ဟု သတ်မှတ်ကြပါသည်။ အများစုသည် မောင်းကွင်းလက်စွပ်ပြုလုပ်သောနေရာတွင် ရွှေကို အဓိကထားပြီး ရွေးချယ်ပြုလုပ်ကြပါသည်။ ရွှေဆိုသည်မှာ တန်ဖိုးကြီးသော အရာတစ်ခုဖြစ်ပြီး ရေရှည်တည်တံ့သောအရာတစ်ခုဖြစ်သောကြောင့် ချစ်ခြင်းမေတ္တာကို ပုံဖော်သောအခါတွင် ရွှေနှင့် မောင်းကွင်းလေးတွေကို ပြုလုပ်ကာ ဝတ်ဆင်ကြပါသည်။ မောင်းကွင်းကို လက်ထပ်လက်စွပ် အဖြစ်အသုံးများကြပြီး စေ့စပ်လက်စွပ်ကို စိန် ၁လုံး၊ ၃လုံး၊ ၅လုံးနှင့် ပြုလုပ်ကာ ဝတ်ဆင်ကြပါသည်။