Lifestyle, ဆောင်းပါး

Valentine’s Day မှာ ချစ်သူအတွက် ချစ်ခြင်းသင်္ကေတဖြစ်ပေါ်လာပုံ

Valentine Day

ဖေဖော်ဝါရီလ 14 ရက်နေ့ဆိုရင် ချစ်သူများနေ့လို့ ခေါ်တဲ့ “ဗယ်လင်တိုင်းဒေး” နေ့ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ဗယ်လင်တိုင်းဒေးနေ့ဟာ ချစ်သူစုံတွဲတွေ အတွက်သာမက တစ်ကမ္ဘာလုံးက ချစ်ခြင်းမေတ္တာတွေကို ဖော်ထုတ်ကြတဲ့ နေ့ဖြစ်တာကြောင့် လူသားအားလုံးနဲ့ သက်ဆိုင်တယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့် ဒီလိုနေ့မျိုးမှာ ကိုယ်ချစ်တဲ့၊ ခင်တဲ့လူတွေကို လက်ဆောင်ပေးကြတာမျိုးကလည်း မပါမဖြစ်ပါပဲ။ ဘယ်လိုလက်ဆောင်မျိုး ပေးကြမလဲ ? ကိုယ်ချစ်တဲ့သူကို ပိုပြီး တန်ဖိုးထားကြောင်း ပြတဲ့အနေနဲ့ တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်း ဝယ်မပေးချင်ကြဘူးလား ? ဒီဇိုင်းပုံစံကိုရော ဘယ်လိုမျိုး ဖန်တီးပေးကြမလဲ? ဗယ်လင်တိုင်းဒေးမှာ ကိုယ်ချစ်တဲ့သူကို ပေးသင့်တဲ့ ရွှေထည်ပစ္စည်းပုံစံတွေက …

၁။ အသဲပုံ
အသဲပုံကတော့ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတဲ့ သင်္ကေတတစ်ခုဖြစ်တာကြောင့် ဖန်တီးပေးအပ်သင့်တဲ့ ပုံစံတစ်ခုပါပဲ။ အသဲပုံတစ်ခုတည်း ပုံဖော်ရတာရိုးရင် အသဲနှစ်ထပ်ပုံစံတို့၊ အသဲပုံအကြီးထဲမှာ အသဲပုံသေးလေး မြှုပ်ထားတဲ့ပုံစံတို့ စတာမျိုးတွေကို ပုံဖော်လို့ရပါတယ်။ လက်နှစ်ဖက်နဲ့ အသဲပုံစံပြုလုပ်ထားတဲ့ ပုံစံမျိုးကိုလည်း ဖန်တီးလို့ ရပါတယ်။

၂။ နေ့စွဲပုံ
ဒါကလည်း ချစ်ခြင်းမေတ္တာကို လေးနက်နေစေတဲ့ သင်္ကေတတစ်ခုပါပဲ။ ချစ်သူစုံတွဲ ၂ ဦး စတင်တွေ့ဆုံတဲ့နေ့ဖြစ်ဖြစ်၊ နှစ်ပတ်လည်နေ့ဖြစ်ဖြစ်စတဲ့ အဓိပ္ပါယ်ရှိတဲ့ နေ့တစ်ခုခုကို ပုံဖော်ဖန်တီးခြင်းက ရိုးရိုးရှင်းရှင်းနဲ့ အမှတ်ရစရာလက်ဆောင်လေးတစ်ခုဖြစ်နေမှာပါ။ ဒါကိုမှ နေ့စွဲကို အပြည့်မရေးပဲ လနဲ့ ရက်ကိုပဲ ရေးရင်း ပုံဖော်တာမျိုး၊ ရက်တစ်ခုတည်းကိုပဲ ပုံဖော်တာမျိုး စတာမျိုးတွေကိုလည်း ဖန်တီးလို့ရပါတယ်။

၃။ စုံတွဲပုံ
အမျိုးသားနဲ့အမျိုးသမီး စုံတွဲပုံကို ပုံဖော်ထားတဲ့ ဆွဲကြိုး၊ လက်စွပ်စတာတွေကလည်း ဗယ်လင်တိုင်းဒေးမှာ ဖန်တီးပေးအပ်သင့်တဲ့ လက်ဆောင်တစ်မျိုးပါပဲ။ လူကြီးစုံတွဲပုံထက်စာရင် ကလေးစုံတွဲပုံဖန်တီးတာမျိုးက ချစ်စရာကောင်းပြီး ပိုလို့ အမှတ်ရနေစေမှာဖြစ်ပါတယ်။ အနုစိတ်တဲ့ ဖန်တီးမှုတွေ ပြုလုပ်ရမှာဖြစ်တာကြောင့် ပန်းထိမ်ပညာရှင်နဲ့ ညှိနှိုင်းဆောင်ရွက်သင့်ပါတယ်။

၄။ ပန်းပွင့်ပုံ
ပန်းဆိုတာကလည်း ချစ်ခြင်းနဲ့ ဆက်နွယ်နေတဲ့ လက်ဆောင်ပစ္စည်းတစ်ခု ဖြစ်တာကြောင့် ပန်းပွင့်ပုံဖန်တီးပေးအပ်တာကလည်း ဗယ်လင်တိုင်းဒေးနဲ့ လိုက်ဖက်နေမှာပါ။ ပန်းပွင့်ပုံ ဖန်တီးရာမှာ တခြားပန်းတွေထက် နှင်းဆီပန်းကတော့ ချစ်ခြင်းသင်္ကေတကို ပိုကိုယ်စားပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နှင်းဆီပန်းပွင့်ပုံ ကို ဒီဇိုင်းဖန်တီးပြီး ပေးအပ်တာမျိုး လုပ်ဆောင်သင့်ပါတယ်။

၅။ နာမည်အတိုကောက်ပုံ
ကိုယ်ချစ်ခင်တဲ့လူရဲ့  နာမည်အတိုကောက်ဖြစ်ဖြစ်၊ စုံတွဲတွေဆိုရင်တော့ ၂ ဦးစလုံးရဲ့ နာမည်အတိုကောက်ကို ဖန်တီးပေးအပ်တာဖြစ်ဖြစ် လုပ်ဆောင်နိုင်ပါတယ်။ နာမည်အတိုကောက်ပုံစံ ဖန်တီးပြီး ပေးအပ်တာက ကိုယ့်ရဲ့ အလေးထားမှုကို ပိုမိုပြသနိုင်တဲ့အတွက် အရေးပါတဲ့ လက်ဆောင်တစ်ခု အဖြစ်တောင် တည်ရှိနေမှာဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ နာမည်က ရှည်တတ်လေ့ရှိတဲ့အတွက် ထိပ်ဆုံးစာလုံးကိုပဲ အင်္ဂလိပ်လို ပေါင်းတာဖြစ်ဖြစ်၊ မြန်မာ လိုပုံဖော်တာဖြစ်ဖြစ်၊ နာမည်အတိုကောက် ဖန်တီးတာဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

အခုဖော်ပြတဲ့ ပုံစံလေးတွေကို ဖန်တီးပြီး ကိုယ်ချစ်ရတဲ့သူကို ဗယ်လင်တိုင်းဒေးနေ့မှာ လက်ဆောင်အဖြစ် ပေးအပ်နိုင်ပါတယ်။ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ တခြားပုံစံတွေလည်း ရှိနိုင်တဲ့အတွက် ကိုယ့်အတွေးအပေါ်မူတည်ပြီးလည်း ထပ်မံဖန်တီးပေးအပ်နိုင်ပါတယ်။