ပြည်တွင်းသတင်း

၂၀၂၃ ကမ္ဘာ့ရွှေဈေးနှင့် မြန်မာ့ရွှေဈေး ခန့်မှန်းအခြေအနေ

2023worldgoldpriceandburmesegoldpriceforecast

၂၀၂၃ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သည့်အခါ သတိပြုရမည့် အ‌ရေးကြီးသည့် အချက်တစ်ချက်တွင် ဒေါ်လာစျေးကွက် အခြေအနေတစ်ရပ် အပါအဝင်လည်း ဖြစ်ပါသည်။ စတော့ရှယ်ရာစျေး အတက်အကျအခြေအနေများ သည်လည်း ၂၀၂၃ မှာ ကမ္ဘာ့ရွှေစျေးနဲ့ မြန်မာရွှေစျေး ခန့်မှန်းချက်အဖြေပေါ်မှာ များစွာမှုတည်နေပါသည်။ ထို့ကြောင့် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ရွှေစျေးကွက်နဲ့ မြန်မာ့ရွှေစျေးကွက်အခြေအနေများ၏ ခန့်မှန်းသုံးသပ်ချက်များနှင့်အတူ ချင့်ချိန်တွေးမြင် ကြံဆနိုင်ရန် ဝေမျှတင်ပြပေးလိုက်ပါသည်။

ရွှေစျေးကွက်သည်မြန်မာနိုင်ငံမှာ၌သာ အရေးပါသည်မဟုတ် နိုင်ငံတကာငွေကြေးစျေးကွက်များ၌ပါ အရေးပါသည့် အဓိကစီးပွားရေးစျေးကွက်တစ်ခုပင် ဖြစ်ပါသည်။ မည်သည့် စီးပွားရေးကိုလုပ်ကိုင်သည်ဖြစ်စေ ရွှေစျေးအတတ်အကျနှင့် ဒေါ်လာစျေးအတတ်အကျသည် အနည်းနှင့် အများ လုပ်ငန်းအပေါ် သက်ရောက်မှုရှိနိုင်ပါသည်။ ထို့ကြောင့် ၂၀၂၃ခုနှစ် မြန်မာ့ရွှေစျေးနှင့် ကမ္ဘာ့ရွှေစျေးအခြေအနေ ခန့်မှန်းသုံးသက်ချက်များသည် လုပ်ငန်းရှင်များအတွက် စိတ်ဝင်စားစရာကောင်းနေသည့် အ‌ရေးကြီးသောအကြောင်းအရာ တစ်ရပ်လည်း ဖြစ်ပါသည်။

ယခုနှစ်မြန်မာ့ရွှေစျေးကွက်သည် ဈေးနှုန်းအားဖြင့် မြှင့်တက်နေပြီး ၎င်းနည်းတူ ကမ္ဘာ့ရွှေစျေးကွက်သည်လည်း မြှင့်တက်နေသည်ဟု ခန့်မှန်းနိုင်ပြီး စျေးနှုန်းမှာ ယခင်နှစ်များထက် အနည်းငယ် မြှင့်တက်နေနိုင်ခြေ ရှိနိုင်ပါသည်။ ယခုနှစ်အတွက် ရွှေဈေး အလားအလာသည် အရင်နှစ်ကထက် ခန့်မှန်းတွက်ဆရန် ခက်ခဲနိုင်ပါသည်။ နိုင်ငံတကာရှိ ဗဟိုဘဏ်အများအပြားသည် ၂၀၂၂ ခုနှစ်တွင် ရွှေများကို စံချိန်တင် ဝယ်ယူခဲ့သောကြောင့်လည်း ယခုနှစ်တွင် ရွှေဈေးအတက်အကျမှာ လွန်ခဲ့သော နှစ်များကဲ့သို့ မြန်ဆန်မှုရှိလိမ့်မည် မဟုတ်ပါ။

ရွှေသည် လုံခြုံစိတ်ချရသော ပိုင်ဆိုင်မှု၊ ရေရှည်ရင်းနှီးမြုပ်နှံမှုနှင့် ကမ္ဘာ့စီးပွားရေးနှင့် ပထဝီဝင်နိုင်ငံရေးတွင် မသေချာမရေရာမှုများအကြား စိတ်ချရသော ရင်းနှီးမြုပ်နှံမှုဟု ယူဆထားကြသည့်အတိုင်း စီးပွားရေးနှင့် ပထဝီဝင်နိုင်ငံရေး မသေချာမရေရာမှုများအပြင် အမေရိကန် ဒေါ်လာ ဆက်လက်အားနည်းခြင်း၊ စီးပွားရေးကျဆင်းမှုအန္တရာယ်များ ကြီးထွားလာခြင်းစသည့် အချက်များသည် ၂၀၂၃ ခုနှစ်တွင် ရွှေ‌ဈေးကို ခိုင်မာနေစေမည်ဟု ကမ္ဘာ့ရွှေကောင်စီ World Gold Council မှ ယူဆထားသည်။ Goldprice.org မှ ပြုစုထားသော အချက်အလက်များအရ လွန်ခဲ့သည့် ခြောက်လအတွင်း ပေါက်ဈေး ရွှေစျေးနှုန်းများသည် ဇန်နဝါရီလတွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၅၀ အထွတ်အထိပ်သို့ အနည်းငယ် မတည်မငြိမ်ဖြင့် ရောက်ရှိခဲ့ပါသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ကန်ဒေါ်လာ ၁,၇၀၀ မှ မြင့်တက်သွားခြင်းလည်း ဖြစ်သည်။ ဖေဖော်ဝါရီလ ပထမပတ်တွင် ဈေးနှုန်းများ သိသိသာသာ ကျဆင်းခဲ့သည်။ ကန်ဒေါ်လာ ၁,၈၂၇ အထိ ဒေါ်လာ ၁၀၀ နီးပါး ကျဆင်းခဲ့ပါသည်။

ရွှေဝယ်လိုအား ဖြစ်ပေါ်စေသည့် အဓိကကဏ္ဍ ၃ ရပ်ရှိပါသည်။

• လက်ဝတ်ရတနာလုပ်ငန်းကဏ္ဍ
• ရင်းနှီးမြှုပ်နှံမှုကဏ္ဍ
• စက်မှုနှင့်ဆေးဝါး လုပ်ငန်းကဏ္ဍတို့ဖြစ်ပါသည်။ ရွှေဝယ်ယူမှုတွင်လည်း ပုဂ္ဂလိကကဏ္ဍတွင်သာမက အစိုးရကဏ္ဍမှာလည်း ရွှေများ အလုံးအရင်းဖြင့် ဝယ်ယူကြသည်။ ဗဟိုဘဏ်များသည် အရန်ရွှေ ထားရှိရန် တန်နှင့်ချီ၍ ဝယ်ယူကြသည်။ ရွှေဈေးကွက်ထဲ ရောင်းလိုအားအတွက် ရွှေတွင်းများမှ ရရှိသည့် ရွှေများရောင်းချခြင်း၊ ဗဟိုဘဏ်မှရောင်းချခြင်း နှင့်ဈေးကွက်အတွင်း လည်ပတ်နေသောရွှေများ ရောင်းချခြင်းတို့ ရှိနေပါသည်။ ပြီးခဲ့သည့်နှစ်သည် ဆယ်စုနှစ်တစ်ခုအတွင်း တစ်ကမ္ဘာလုံးတွင် ရွှေဝယ်လိုအား အပြင်းထန်ဆုံးနှစ် ဖြစ်ခဲ့ကြောင်း   ကမ္ဘာ့ရွှေကောင်စီက “Gold Outlook in 2023” အစီရင်ခံစာတွင် တင်ပြထားသည်။

၂၀၂၂ ခုနှစ်တွင် ၂၀၂၁ ခုနှစ်ထက် ရွှေဝယ်ယူမှု ပိုများခဲ့သည်။ ရွှေဆိုင်ကောင်တာများမှ အရောင်းအဝယ်မှအပဖြစ်သော ရွှေအရောင်းအဝယ်သည် ၁၈% ပိုများခဲ့ပြီး တန်ချိန် ၄,၇၄၁ ဝယ်ယူခဲ့သည်။ အရှေ့တောင်အာရှတွင် အိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းသည် ဗီယက်နမ်နှင့် အင်ဒိုနီးရှားပြီးလျှင် တတိယအကြီးဆုံး ရွှေဈေးကွက်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် ရွှေ ၃၇.၉ တန် ဝယ်ယူခဲ့ကြပြီး ၂၀၂၁ ခုနှစ်ထက် ၃% ပိုများသည်။

၂၀၂၂ ခုနှစ်တွင် ဒေသတွင်းနိုင်ငံအများစုသည် ရွှေကို ရင်းနှီးမြှုပ်နှံမှု အနေဖြင့် လက်လီ ဝယ်ယူမှုများ ပိုမိုမြင့်မားလာခဲ့သည်။ စင်ကာပူတွင် ၂၀၂၁ ခုနှစ်ထက် ၃၂% ၊ အင်ဒိုနီးရှားတွင် ၂၇% ပိုများခဲ့သည်ဟု ကမ္ဘာ့ရွှေကောင်စီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဗီယက်နမ်တွင် စုစုပေါင်း ရွှေ ၅၉.၁ တန် ဝယ်ယူခဲ့ကြပြီး အရှေ့တောင်အာရှတွင် အများဆုံး ဖြစ်ပါသည်။ ရွှေချောင်းနှင့် ရွှေဒင်္ဂါး ဝယ်ယူမှု အများဆုံးဖြစ်ပြီး ၄၁ တန် ဝယ်ယူခဲ့ကြသည်။ ထိုင်းတွင် ရွှေချောင်းနှင့် ရွှေဒင်္ဂါး စုစုပေါင်း ၂၈.၅ တန် ဝယ်ယူခဲ့ကြသည်။

ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေး အကျဘက် ရောက်နေသဖြင့် ဒေသတွင်းမှာ တစ်ဦးတစ်ယောက်ချင်း ရွှေနှင့် ရွှေထည် ဝယ်ယူမှု ကျဆင်းနိုင်မည်ဟု ကမ္ဘာ့ရွှေကောင်စီတွင် (တရုတ်နိုင်ငံမှ အပ) အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် Andrew Naylor က ပြောကြားခဲ့ပါသည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်နေခဲ့ရသည်မှာ လွန်ခဲ့သည့် လေးလအတွင်းတွင် Fed သည် အတိုးနှုန်းတက်ခြင်းကို နှေးကွေးစေမည်ဟု စျေးကွက်၏ မျှော်လင့်ချက် ထင်ကြေးကြောင့် ဖြစ်ပါသည်။ ရွှေစျေးနှုန်းများသည် ယခုလအစောပိုင်းတွင် ကန်ဒေါ်လာ ၁,၉၅၀ ဖြင့် အထွတ်အထိပ်သို ရောက်ရှိခဲ့သော်လည်း ပုံမှန်ဆိုအထွတ်အထိပ် ရောက်ပြီးလျှင် ပြန်ကျစမြဲ ဖြစ်ရာ goldprice.org ၏ အချက်အလက်များအရ စျေးနှုန်းသည်ဆက်လက်ကျဆင်းခဲ့သော်လည်း အတော်လေး တည်တည်ငြိမ်ငြိမ်ဖြင့် ကျဆင်းခဲ့သည်။ ရုရှား- ယူကရိန်း စစ်ပွဲ ပိုမိုပြင်းထန် လာခဲ့လျှင် ဖြစ်စေ၊ ငွေဖောင်းပွမှုကို တိုက်ခိုက်ရန် ဘဏ်အတိုးနှုန်းကို အမေရိကန်ဗဟိုဘဏ်က မြှင့်တင်လျှင်ဖြစ်စေ၊ ၎င်းအကြောင်းတရား နှစ်ခုပေါင်းဆုံ ဖြစ်ပါလျှင် “ဒီအချက်တွေကြောင့် ရွှေဈေးက ဒီနှစ်မှာ တစ်အောင်စကို ကန်ဒေါ်လာ ၂၀၀၀ခန့်ဝန်းကျင်ထိလည်း တက်လာနိုင်သည်” ဟု သုံးသတ်နိုင်ပါသည်။

အထက်ဖော်ပြခဲ့သည့်အကြောင်းအရာများသည်ယခု၂၀၂၃ခုနှစ်တွင်ဖြစ်ပေါ်လာနိုင်သည့် ကမ္ဘာရွှေစျေးနှင့်မြန်မာ့ရွှေစျေးခန့်မှန်းအခြေအနေများပင် ဖြစ်ပါသည်။