စိန်အကြောင်းသိကောင်းစရာ

စိန်ဝတ်ဆင်ခြင်းနှင့် ပက်သက်သည့်ဆောင်ရန်၊ ရှောင်ရန်များ

thingstoavoidwhenwearingdiamonds

ကျောက်မျက်ရတနာများစွာရှိသည့်အနက် ဖြတ်တောက်ခြင်း ၊ မာကျောခြင်း ၊ အရောင်ကြည်လင်ပြတ်သားခြင်း၊ ကာရက်အလေးချိန်စသည့် အချက်တို့ဖြင့် လှပဂုဏ်ရောင်ထွန်းပြောင်မှု အပြည့်အဝ ရှိသည့် စိန်ရတနာကို စိတ်ဝင်စား ချစ်မြတ်နိုးကြသည့် မိဘပြည်သူများအတွက် စိန်ထည်များကို ဝတ်ဆင်သည့်အခါ အရေးပါသော ဆောင်ရန်ရှောင်ရန်အချက်လေးများကို မျှဝေပေးလိုက်ပါသည်။

ကျောက်တစ်ခုချင်းစီ၏ ထူးခြားသော လက္ခဏာများကို နားလည်ခြင်းသည် စိန်တစ်လုံးကိုရွေးချယ်ခြင်းဖြစ်သည်ဟူသော ဆိုစကားလည်းရှိပါသည်။ စိန်သည်လူအများစု မြတ်နိုးကြသော တန်ဖိုးအရှိဆုံး ကျောက်မျက်တစ်ခု ဖြစ်သည့်အပြင် အထူးသဖြင့် မိန်းကလေးများ၏ ဂုဏ်ကျက်သရေ၊ အလှတရားကို ရုပ်လုံးကြွပေါ်လွင်စေသည့် ရတနာတစ်ပါးလည်းဖြစ်ပါသည်။ ထို့ပြင် စိန်သည် ကံကောင်းစေတတ်သည့် အဆောင် ကျောက်မျက် ရတနာများအနက် တစ်ခုအပါအဝင်လည်း ဖြစ်သည့်အတွက် စိန်ထည်ပစ္စည်းများကို ဝယ်ယူဝတ်ဆင်အသုံးပြုသောအခါ ဆောင်ရန် ရှောင်ရန် အချက်အလက်များကို ဦးစွာသိရှိထားပြီး လိုက်နာမည်ဆိုပါက ပိုမိုအကျိုးကျေးဇူးများစေမှာ ဖြစ်ပါသည်။

စိန်ကို အတန်းသွားလက်စွပ်၊ ခြယ်လက်စွပ် ဒါမှမဟုတ် အလုံးရေများစွာသုံး၍ လက်ဝတ်ရတနာပြုလုပ်လျှင် (မ) ဂဏန်းအရေအတွက် ၁၊ ၃၊ ၅၊ ၇၊ ၉၊ ၁၁၊ ၁၃၊ ၁၅၊ ၁၇ စသည်ဖြင့် အရေတွက်နှင့်ပြုလုပ်သင့်ပါသည်။ စုံဂဏန်းဖြင့် လက်ဝတ်ရတနာပြုလုပ်သည့်အခါ ခိုက်တတ်ပါသည်ဟု ပြောစမှတ်ရှိကြပါသည်။ ထို့အပြင် မည်သူမဆို စိန်ကိုလက်စွပ်အဖြစ် ဝတ်ဆင်မည်ဆိုပါက လက်ခလယ်တွင်သာဝတ်ဆင်သင့်ပါသည်။ သို့သော် ခြွင်းချက်အဖြစ် လက်ထပ်လက်စွပ် ( wedding ring) ကိုတော့ လက်သူကြွယ်တွင်ဝတ်ဆင်နိုင်ပါသည်။ လက်မတွင်ဝတ်ဆင်သည့်အခါ နာမည်ပျက်၍ ကံဆိုးတတ်ပြီး လက်ညှိးတွင် ဝတ်ဆင်ခြင်းသည်လည်း ဘေးအန္တရာယ်များ၍ စိတ်ဆင်းရဲကြေကွဲရတတ်ပါသည်။ လက်ထပ်လက်စွပ်မဟုတ်သော အခြားစိန်လက်စွပ်ကို လက်သူကြွယ်တွင်ဝတ်ဆင်မည်ဆိုပါက မနာလိုသူနှင့် ရန်သူပေါများတတ်၍ အတင်းပြောဆိုခံရတတ်ပါသည်။ လက်သန်းတွင်ဝတ်ဆင်ပါက လာဘ်ပိတ်ခြင်း၊ ငွေမမြဲခြင်း၊ လုပ်သမျှအခက်အခဲဖြစ်ခြင်းများကြုံရတတ်ပါသည်။ စိန်လက်စွပ်ကို လက်ခလယ်တွင်ဝတ်ဆင်ပါက အလွန်ကံကောင်းသည့် အဆောင်ကျောက်မျတ်တစ်မျိုးဖြစ်ပြီး အစစအရာရာ အဆင်ပြေ၍ ကံကောင်းခြင်းများအပြင် ကျန်းမာခြင်းနှင့် လာဘ်လာဘ ပေါများခြင်းတို့ကိုလည်းဖြစ်စေပါသည်။

စိန်နှင့် တွဲဖက်၍ဝတ်ဆင်ရန်မသင့်သော ကျောက်မြတ်တစ်ခုမှာ မဟူရာကျောက်ဖြစ်ပါသည်။ မဟူရာကျောက်နှင့်တွဲ၍ လက်ဝတ်ရတနာပြုလုပ်ဆင်မြန်းခြင်းကို အထူးရှောင်ရှားသင့်ပါသည်။ အခြားသော မည်သည့် ကျောက်မျက်ရတနာနှင့်မဆို တွဲဖက်၍ပြုလုပ်နိုင်ပါသည်။ အခြား ကျောက်မျက်ရတနာများနှင့် တွဲဖက်၍ လက်ဝတ်ရတနာပြုလုပ်မည်ဆိုပါက အဆိုပါကျောက်ကို အလယ်တွင်ထားစေပြီး စိန်ဖြင့်ရံခြယ်ကာဝတ်ဆင်ရန် လိုအပ်ကြောင်း အသိပေးအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် စိန်ကို အလယ်ထားပြီး အခြားကျောက်များကိုဘေးမှာရံခြယ်စီသမည်ဆိုပါက ဝတ်ဆင်သူအား ခိုက်ရန် ဖြစ်တတ်ပါသည်။

စိန်တွင်ရှိသော သိဒ္ဓိဓာတ်အားကောင်းစေရန်အတွက် စိန်ဝတ်ဆင်သောသူသည် စိန်ကို ဆေးကြောသန့်စင်ခြင်းပြုလုပ်သင့်ပါသည်။ ထိုသို့သန့်စင်သည့်အခါ ကောင်းကျိုးထွန်းစေမည့် အချိန်အခါသမယအားဖြင့် အချိန် (၅) ချိန်ရှိပါသည်။ထိုအချိန်များမှာ-
၁။ ဆင်မြန်းသူ၏မွေးနေ့နံနက် ၇ နာရီမှ ၉ နာရီအတွင်း
၂။ တနင်္ဂနွေနေ့ နံနက် ၆ နာရီမှ ၇:၃၀နာရီအတွင်း
၃။ တနင်္လာနေ့ နံနက် ၇:၃၀ နာရီ မှ ၉ နာရီအတွင်း
၄။ ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီ မှ ၉ နာရီအတွင်း
၅။ သောကြာနေ့ နံနက် ၇:၃၀ နာရီ မှ ၉ နာရီအတွင်း ဟူ၍ ဆိုစမှတ်ရှိကြပါသည်။
ဖော်ပြပါငါးရက်ထဲမှ နေ့တစ်နေ့သည် လပြည့်နေ့နှင့်တိုက်ဆိုင်မည်ဆိုပါက သတ်မှတ်ထားသော အချိန်တွင် စိန်ကိုသိဒ္ဓိဖွင့်ရပါမည်။ဆိုလိုသည်မှာ အင်္ဂါနေ့မွေးသောသူတစ်ဦးသည် ပြက္ခဒိန်တွင် အင်္ဂါနေ့နှင့်လပြည့်နေ့တိုက်ဆိုင်သော နေ့၏ နံနက် ၇ နာရီမှ ၉ နာရီအတွင်း မိမိဝတ်ဆင်သော စိန်ကို ဆေးကြောသန့်စင်ခြင်း ပြုရပါမည်။ လပြည့်နေ့သည် တနင်္ဂနွေ၊ တနင်္လာ၊ဗုဒ္ဓဟူး၊ သောကြာနေ့တို့နှင့် တိုက်ဆိုင်ပါက ၎င်းနေ့ အသီးသီး၏ ပူးတွဲဖော်ပြပါ အချိန်အတွင်းသန့်စင်ခြင်း ပြုရပါမည်။ စိန်ကိုဆေးကြောသန့်စင်သောအခါတွင် နွားနို့စိမ်းစစ်စစ်နှင့် (၂၁) ကြိမ်ဆေးရမည် ဟူ၍ အဆိုအမိန့်ရှိကြပါသည်။ တရော်ကိုးထုံး၊ ကင်ပွန်းကိုးဆစ်နှင့်ပြုဆောင်ထားသောရေတွင် (၂၁) ကြိမ်ဆေးခြင်း ၊ တရော်ကင်ပွန်းမရှိပါက သန့်စင်သောရေတွင် အမွှေးနံ့သာ ( ရေမွှေး ) နှင့်ရော၍ဆေးကြောရပါမည်။ ထို့နောက် စိန်ကိုကတ္တီပါအနီပေါ်တွင် တင်ထားပြီး စိန်ရှေ့တွင် အမွှေးတိုင်သုံးတိုင်ထွန်းပါ။ ထိုနောက်မှ ဝတ်ဆင်ခြင်းဖြင့် စိန်၏ထူးခြားသောတန်ခိုးအာနိသင်ကို ထင်ရှားစွာရရှိပါလိမ့်မည်ဖြစ်သည်ဟု နက္ခဗေဒပညာရှင်များမှ မျှဝေထားပါသည်။

ဤသို့ဖြင့် မိမိအနေနဲ့ စိန်ချစ်သူတစ်ယောက်ဖြစ်ပြီး ကိုယ်တိုင်လည်း စိန်နှင့်ပတ်သတ်သည့် လက်ဝတ်ရတနာများရှိပါက အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း စိန်ကို သိဒ္ဓိတင်၍ဝတ်ဆင်ခြင်းဖြင့် ယခင်ကထက်ပို၍ကောင်းမွန်သော ကံဇာတများပိုင်ဆိုင်နိုင်ကြစေရန် စိန်ဝတ်ဆင်ခြင်းနှင့်ပတ်သတ်သည့် ဆောင်ရန်ရှောင်ရန်များ အကြောင်းကို အားလုံးအတွက် ဝေမျှတင်ဆက်ပေးလိုက်ပါသည်။