အထွေထွေသိမှတ်စရာ

လက်ဝတ်ရတနာတွေကို ဘယ်လိုထိန်းသိမ်းကြမလဲ

howdoyoupreservejewelry

အဖိုးထိုက်တန်သည့် လက်ဝတ်ရတနာများကို ပျက်စီးယိုယွင်းမှုကင်းဝေးစေ၍ ရေရှည်တည်တံ့ခိုင်မြဲစေရန် ဘယ်လိုထိန်းသိမ်းသင့်သလဲဆိုသည့် အကြောင်းအရာလေးများကို အကြံပြုချက်လေးအနေဖြင့် ရွှေချစ်သူ စိန်ချစ်သူ စသော ကျောက်မြတ်ရတနာချစ်သူများ အားလုံးအတွက် ရည်ရွယ်ပြီး ဆောင်ရန် ရှောင်ရန် အချက်အလက်လေးများကို ဗဟုသုတရရှိစေရန် ဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည်။ လက်ဝတ်ရတနာများကို ရွေးချယ်ဝယ်ယူသကဲ့သို့ အရေးကြီးသောအချက်တစ်ချက်ဟုပြောပါဆိုလျှင် မိမိတို့၏ အဖိုးတန်လက်ဝတ်ရတနာများကို ထိန်းသိမ်းခြင်းဟု ဆိုနိုင်ပါသည်။ လက်ဝတ်ရတနာများကို ရွေးချယ်ဝယ်ယူလိုက်ပြီဆိုသည်နှင့် ၎င်းတို့ကို ပျက်စီးယိုယွင်းမှုနှင့် အပျောက်အရှမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်တတ်မှုသည် အလွန့်အလွန်အရေးကြီးပါသည်။

လက်ဝတ်ရတနာများကို ထိန်းသိမ်းသည့်နေရာ၌ အဓိကကျသည့် ပထမဆုံးအချက်မှာ မိမိဝယ်ယူထားသည့် လက်ဝတ်ရတနာများ၏ ဒီဇိုင်း၊ တန်ဖိုးနှင့် အရည်အသွေးပေါ်မူတည်၍ သူ့နေရာနှင့်သူ သင့်တင့်လျှောက်ပတ်အောင် ရွေးချယ်၍ ဝတ်ဆင် ဆင်မြန်းတတ်ရန်ဖြစ်ပါသည်။ ဥပမာအနေဖြင့် မိမိဝယ်ယူထားသည့် လက်ဝတ်ရတနာသည် တန်ဖိုးကြီးသည့် ကျောက်မျက်ရတနာများဖြင့် ပြုလုပ်ထား၍ ဆန်းသစ်လှပသော ဒီဇိုင်းဖြစ်မည်ဆိုပါက နေ့စဉ် ဝတ်ဆင်သည့်အခါဝယ် လွယ်လင့်တကူ ထိခိုက်ပွန်းပဲ့ခြင်းမျိုးဖြစ်တတ်နိုင်ပါသည်။ သို့ဖြစ်၍ နေ့စဉ်ဆင်မြန်းခြင်းမျိုးမဟုတ်ဘဲ ပွဲလမ်းသဘင်များတွင်ဝတ်ဆင်ခြင်း နှင့် ယာယီဝတ်ဆင်ခြင်းများအတွက်သာ ရွေးချယ်ဆင်မြန်းသင့်ပါသည်။ အစဉ်အမြဲ မိမိနှင့်မကင်းမကွာ ဝတ်ဆင်လိုသည်ဆိုပါက ဒီဇိုင်းအားဖြင့်ရိုးရှင်း၍ ကျောက်မြတ်ရတနာများ မပါဝင်သည့် မောင်းကွင်းကဲ့သို့သော လက်ဝတ်ရတနာမျိုးကို ရွေးချယ်ဝတ်ဆင်ရန် ပို၍သင့်တော်သည်ဟု အကြံပြုချက်လေး ပေးချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လက်ဝတ်ရတနာများကို နေ့စဉ်ဝတ်ဆင်သည့်အခါဝယ် အနည်းနှင့်အများ အကြောင်းအရာအမျိုးမျိုးကြောင့်ထိခိုက်မိနိုင်ပြီး အလွယ်တကူကျိုးပဲ့ပွန်းပဲ့တတ်ခြင်းမျိုး ဖြစ်စေနိုင်သည့်အတွက်ဖြစ်ပါသည်။ အဖိုးတန်ကျောက်မြတ်ရတနာများနှင့် မွမ်းမံခြယ်သထားသည့် လက်ဝတ်ရတနာအများစုသည် မတော်တဆထိခိုက် တိုက်မိသည့်အခါတွင် ကျောက်မျက်ရတနာများ၏ မျက်နှာပြင်ကို အစွန်းအထင်းအဖြစ် လွယ်လင့်တကူ အပြစ်အနာဆာများအသွင် ကူးပြောင်းသွားတတ်ပါသည်။ ထို့ကြောင့် လက်ဝတ်ရတနာများကို မှန်ကန်သင့်လျော်လိုက်ဖက်အောင် ရွေးချယ်ဝတ်ဆင်နိုင်ခြင်းဖြင့် မိမိတို့၏ အမြတ်တနိုးထားရသည့် လက်ဝတ်ရတနာများကို ကောင်းစွာထိန်းသိမ်းနိုင်ကြမည် ဖြစ်ပါသည်။

ဒုတိယတစ်ချက်အနေဖြင့် မိမိတို့၏ လက်ဝတ်ရတနာများကို မည်သို့ ထိန်းသိမ်းစောင့်ရှောက်သင့်သလဲဆိုသည့် အချက်ပင်ဖြစ်ပါသည်။ လက်ဝတ်ရတနာများကို အတတ်နိုင်ဆုံး ၃ လတစ်ကြိမ်လောက် သန့်ရှင်းရေးပြုလုပ်ပေးခြင်းဖြင့်လည်း မိမိတို့၏ လက်ဝတ်ရတနာများကို အရည်အသွေး ပိုမိုဝင်းလဲ့တောက်ပစေပြီး ကြာရှည်ခံမှုသက်တမ်းကိုလည်း တိုးပွားစေမည် ဖြစ်ပါသည်။ ထိုသို့ဆေးကြောသန့်ရှင်းသည့်အခါဝယ် အထူးသတိထားရမည့်အချက်တစ်ချက်မှာ လက်ဝတ်ရတနာများကို ရေကျက်သီး ရေနွေးနွေးလေးကို အသုံးပြုခြင်းဖြင့် ဦးစွာဆေးကြောပေးရပါမည်။ ထို့နောက်တွင် ကလေးများအသုံးပြုသည့် ဆပ်ပြာရည်ကဲ့သို့ ဓာတုပစ္စည်းများမပါဝင်သည့် ဆပ်ပြာအမျိုးအစားကို အသုံးပြု၍ နူးညံ့သိမ်မွေ့သော သွားတိုက်တံမျိုးဖြင့် ပွတ်တိုက်ဆေးကြောပေးရပါမည်။ ဆေးကြောသန့်စင်ပြီးသည့်နောက် ဝတ်ဆင်ခြင်းမပြုဘဲ သိမ်းဆည်းထားမည်ဆိုပါက ဝါဂွမ်းလေးဖြင့် ခြောက်သွေ့သန့်စင်အောင် သုတ်ပေး၍ အခြောက်ခံပြီး လက်ဝတ်ရတနာဘူးထဲသို့ ပြန်လည်သိမ်းဆည်းသင့်ပါသည်။ သို့မှသာ ဘူးထဲ၌ အစိုပြန်မှုကင်းဝေးပြီး အနံအားဖြင့်လည်း ကောင်းမွန်လှမည်ဖြစ်ပါသည်။

အထက်ပါဖော်ပြပေးခဲ့သည့် အကြောင်းအရာလေးသည် မိမိတို့၏အဖိုးတန်လက်ဝတ်ရတနာများကို စည်းစနစ်မှန်ကန်စွာဖြင့် တည်တံ့ခိုင်မြဲမှုအပြည့်အဝရှိစေရန် မည်သို့ ထိန်းသိမ်းစောင့်ရှောက်သင့်သလဲဆိုသည့် အကြောင်းအရာလေးများနှင့် ပတ်သတ်ပြီး သတိထားဂရုစိုက်သင့်သည့် အကြံပြုချက်တစ်စိတ်တစ်ဒေသလေးများပင်ဖြစ်ပါသည်။အဆိုပါအကြံပြုချက်လေးများကိုဖတ်ရှုခြင်းအားဖြင့်မိမိတို့၏ လက်ဝတ်ရတနာလေးများကို ပျက်စီးပျောက်ရှမှုမှ ကင်းဝေးနိုင်စေရန် ပိုမိုထိန်းသိမ်းစောင့်ရှောက်တတ်ပါစေဟု ဆန္ဒပြုမျှဝေလိုက်ပါသည်။