ကျောက်မျက်အကြောင်းသိကောင်းစရာ

ကမ္ဘာ့အရှားပါးဆုံး မြန်မာ့ ကျောက်မျက်ရတနာ ( သို့မဟုတ် ) ပိန်းနိုက်ကျောက်

ကမ္ဘာ့အရှားပါးဆုံး မြန်မာ့ကျောက်မျက် သို့ ပိန်းနိုက်ကျောက်

ကျောက်မျက်ရတနာချစ်သူများအတွက် ကမ္ဘာ့ အရှားပါးဆုံး ကျောက်မျက်ရတနာတစ်ခုဖြစ်သည့် မြန်မာပြည်တွင်သာ ထွက်ရှိသော မြန်မာ့ ကျောက်မျက် (သို့မဟုတ်) ပိန်းနိုက် ကျောက်မျက်အကြောင်း၏ စိတ်ဝင်စားဖွယ် အကြောင်းအရာလေးများကို မိဘပြည်သူများအတွက် ဗဟုသုတရရှိစေရန် မျှဝေပေးလိုက်ပါသည်။

ပိန်းနိုက်ကျောက်သည် လက်ရှိတွင် မြန်မာနိုင်ငံ၌သာ ထွက်ရှိသော ကျောက်အမျိုးအစားတစ်ခုဖြစ်ပါသည်။ ပိန်းနိုက်သည် အင်္ဂလိပ်ဘာသာဖြင့် Painite ဟုအမည်ရပြီး ကမ္ဘာ့အရှားပါးဆုံး ကျောက်မျက်ရတနာ ၁၀ မျိုး စာရင်း၌ အဆင့် ၅ စာရင်းဝင်သော ကျောက်မျက်ရတနာ တစ်မျိုးဖြစ်ပါသည်။ ပိန်းနိုက်ကျောက်ကို ရှာဖွေတွေ့ရှိခဲ့သူမှာ အင်္ဂလန်နိုင်ငံသား အင်္ဂလိပ်လူမျိုး သတ္တုဗေဒ ပညာရှင် Arthur Charles Davy Pain ဖြစ်ပါသည်။ ၁၉၅၀ ခုနှစ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံ အထက်ပိုင်း မိုးကုတ်ကျောက်တွင်းတွင် တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏အမည် Pain ကို အစွဲပြုကာ Painite ဟု အမည်တွင်ခေါ်ဆိုခြင်းဖြစ်ပါသည်။ ပိန်းနိုက်ကျောက်ကို မိုးကုတ်ဒေသတွင် အုန်းကိုင်းရှာနှင့် ကျောက်ပြဿဒ်ရွာဝန်းကျင်ရှိ ဝက်လူး သူရိန်တောင်တို့တွင် တွေ့ရှိရပါသည်။ ယနေ့အချိန်တွင် ပိန်းနိုက်ကျောက်ကို မိုးကုတ်ဒေသ၌ အများအပြား ရှာဖွေတူးဖော်တွေ့ရှိနိုင်ပြီ ဖြစ်ပါသည်။ ဓာတုဗေဒ အခေါ်သည် Borate ဖြစ်ပြီး ကယ်လ်ဆီယံ၊ ဇိုင်ကိုနီယမ်၊ ဘိုရွန်၊ အလူမီနီယံနှင့် အောက်ဆီဂျင်စသော သတ္တုဓာတ်များပါဝင်ပြီး ခရိုမီယံနှင့် ဗနေဒီယံ စသည့် သတ္တုတို့အနည်းငယ် ပါဝင်သည်ဟု သိရသည်။

ယင်းကျောက် Painite ၏ ထူးခြားချက်မှာ ခြောက်မြောင့်သဏ္ဍာန်အဖြစ်တည်ရှိနေခြင်း ဖြစ်ကာ အနီရောင်၊ ကြက်သွေးရောင်နှင့် လိမ္မော်နီ အရောင်အဆင်းဖြင့် တွေ့ရပါသည်။ နှစ်ပေါင်းကာလ အတော်ကြာသည့်တိုင်အောင် Painite ကျောက်သည် တစ်ကမ္ဘာလုံးတွင် သုံးခုသာ ရှိပါသေးသည်။ သို့သော် လက်ရှိ ကမ္ဘာ့မှတ်တမ်းများအရ ၂၀၀၅ ခုနှစ်ထိ ၂၅ ပွင့်သာ မှတ်တမ်းပြုစုနိုင်သေးသည်။ ယင်းကျောက်အမျိုးအစားသည် တစ်ကမ္ဘာလုံး၌ မြန်မာနိုင်ငံတွင်သာ တွေ့ရှိရသော ကျောက်အမျိုးအစားဖြစ်ပြီး ထိပ်တန်းရှားပါးဈေးကြီးပြီး ၁ကာရက်အားဖြင့် အမေရိကန်ဒေါ်လာ ၆သောင်းဝန်းကျင် ( မြန်မာငွေ ၈၁၈သိန်းကျော်ဝန်းကျင်) တန်ဖိုးရှိသော ကျောက်ဖြစ်သည်ဟု ကမ္ဘာက အသိအမှတ်ပြုထားပါသည်။

Painite ကျောက် အချို့ကို ဗြိတိန် သဘာဝသမိုင်းပြတိုက်၊ အမေရိကန် ဘူမိဗေဒ သိပ္ပံ၊ ကယ်လ်လီဖိုးနီးယား နည်းပညာသိပ္ပံနှင့် ဆွစ်ဇာလန် ကျောက်မျက်ရတနာသုတေသန ဓာတ်ခွဲခန်းတို့တွင် ခင်းကျင်းပြသထားပါသည်။ ပိန်းနိုက်ကျောက်၏ မာကျောမှုသည် Mohs Scale အရ 8 အထိရှိပါသည်။ အနီရင့်ရောင်နှင့် နီညိုရောင် မာဆင့်မှာ (၇.၅) ရှိကာ သိပ်သည်းဆမှာ (၄.၀၁)၊ အလင်းယိုင်ညွှန်းကိန်းမှာ (၁.၇၉-၁.၈၂) ဖြစ်ပါသည်။ ပိန်းနိုက်ကျောက်သည် အရောင်တောက်ပပြီး ဆွဲဆောင်မှုရှိသော အရောင်အရည်အသွေးရှိသည့်အပြင် ကျောက်ကို ဖြတ်တောက်ရန် ကျောက်မျက်ပညာရှင်များကပင် အလွန်ခက်ခဲစွာ ဖြတ်တောက်ရလေ့ရှိပါသည်။ ပိန်းနိုက်ကျောက်များသည် ရှားပါးပြီး တန်ဖိုးရှိလွန်းသော်လည်း ၎င်းတို့ကို တုပထားသော ကျောက်မျက်ရတနာများမှာ ယခုချိန်ထိ ထွက်ရှိခြင်းမရှိသေးပေ။

ယခုဖော်ပြပေးသော အကြောင်းအရာသည် မြန်မာနိုင်ငံတွင်သာ ထွက်ရှိသော ရှားပါးတွင်းထွက်ကျောက်မျက်ရတနာတစ်မျိုးဖြစ်သည့် မြန်မာ့ပိန်းနိုက်ကျောက်မျက်ရတနာအကြောင်းလေးဖြစ်ပြီး ဂုဏ်ယူဖွယ် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ မျှဝေပေးလိုက်ပါသည်။