ကျောက်မျက်အကြောင်းသိကောင်းစရာ

ရွှေလင်းဝါကျောက်အကြောင်းသိကောင်းစရာ

About Citrine Yellow Quartz

ရွှေရောင်အဆင်းရှိပြီး ကျောက်မျက်ရတနာချစ်သူများ၏ အာရုံကိုဖမ်းစားနိုင်သော ဝင်းဝါတောက်ပသည့် ရွှေလင်းဝါဟုခေါ်သော ကျောက် မျက်ရတနာအကြောင်းကို ကျောက်မျက်ရတနာချစ်သူ မိဘပြည်သူများအတွက် မျှဝေပေးလိုက်ပါသည်။

ရွှေလင်းဝါ ကျောက်သည် အရောင်အားဖြင့် ဝါဖန့်ဖန့်အရောင်ရှိပြီး ကာလာအားဖြင့်လည်းဆွဲဆောင်မှုရှိသည့်အပြင် တန်ဖိုးအားဖြင့်လဲ အခြားသော ကျောက်မျက်ရတနာများထက် တန်ဖိုးသင့်သောကြောင့် ယနေ့ခေတ်တွင် ရွှေလင်းဝါကျောက်နှင့် ဖန်တီးထားသော လက်ဝတ်ရတနာ ဒီဇိုင်းဆန်းများကို ကျောက်မျက်ရတနာရောင်းချသော ဆိုင်များတွင် တွေ့ရလေ့ရှိပါသည်။

ရွှေလင်းဝါကျောက်သည် ပုံဆောင်ခဲ quartz ကျောက်အမျိုးအစားအနွယ်ဝင်ဖြစ်သောကြောင့် အများအားဖြင့် အဝါဖျော့မှ လိမ္မော်ရောင်နှင့် အနီဖျော့ဖျော့စသည့် အရောင်များ အနေနှင့်လည်းတွေ့ရပါသည်။ ၎င်း Quartz ကျောက်များသည် အောက်ဆီဂျင်နှင့် ဆီလီကွန်အက်တမ်များဖြင့် ဖွဲ့စည်းထားသည့် မာကျောပြီး ပုံဆောင်ခဲသတ္တုတစ်မျိုးဖြစ်သည်။ Quartz ကျောက်များသည် ကမ္ဘာ့တိုက်ကြီးအပေါ်ယံလွှာတွင် ဒုတိယ အပေါများဆုံး သတ္တုဖြစ်သည်။ ရွှေလင်းဝါကျောက်များသည် အပြင်ပန်းကြည့်ရုံနှင့် နွေးထွေးသော အဆင်းသဏ္ဌာန်ရှိသည့်ကျောက် တစ်မျိုးဖြစ်ပြီး ၎င်းကျောက်ကို အချစ်ရေးအရ ကံကောင်းခြင်းများကို ဖော်ဆောင်ပေးနိုင်သော ကျောက်မျက်ဟု သတ်မှတ်ကြပြီး အကောင်း မြင်မှုနှင့် ပျော်ရွှင်ခြင်း၏ သင်္ကေတတစ်ခုအနေနှင့်လည်း လွန်ခဲ့သော ရာစုနှစ်များစွာတည်းက ယုံကြည်ခဲ့ကြသည်။ ထို့အပြင် ၎င်း၏ဇစ်မြစ်ကြောင့် ရွှေလင်းဝါ ကျောက်သည် တက်ကြွမှု၊ လန်းဆန်းမှု၊ စိတ်ကြည်လင်မှုနှင့် စိတ်ပိုင်းဆိုင်ရာသုခချမ်းသာတို့၏ သင်္ကေတတစ်ခုအနေနှင့်လည်း မှတ်ယူလာသည်။

သမိုင်းတစ်လျှောက်တွင် ရွှေလင်းဝါကျောက်သည် ငွေကို ဆွဲဆောင်နိုင်သည်ဟု လူအများက ယုံကြည်သောကြောင့် ၎င်းသည် ‘ငွေကုန်သည်၏ကျောက်’ ဟုလူသိများသည်။ ထိုကြောင့် စည်းစိမ်ဥစ္စာနှင့် ကံကြမ္မာကို ဆောင်ကြဉ်းပေးသော ကျောက်အဖြစ်လည်းမှတ်ယူလာကြသည်။ ရုပ်ပိုင်းဆိုင်ရာအရလည်း ရွှေလင်းဝါကျောက်များသည် ကျန်းမာရေးအရကုစားနိုင်သော ဂုဏ်သတ္တိများစွာရှိပြီး အစာချေဖျက်ခြင်းနှင့်ခုခံအားကောင်းစေသည့် ဂုဏ်သတ္တိများရှိသည်။ ရှေးခေတ်တွင် ဆေးဆရာများသည် အဆိပ်အတောက်များကိုဖယ်ရှားပေးပြီး ခန္ဓာကိုယ်ကိုသန့်စင်ရန် ၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေရန်အတွက် ရွှေလင်းဝါကျောက်ကို အသုံးပြုခဲ့ကြပါသည်။ ထို့အပြင် ၎င်းကိုအဆိပ်ရှိသောမြွေများကို ကာကွယ်ရန် နည်းလမ်းအဖြစ်လည်း အသုံးပြုခဲ့သည်။

သဘာဝတွင်းထွက် ရွှေလင်းဝါကို ရုရှားနိုင်ငံ Ural တောင်များ၊ ကာဇက်စတန်နှင့် Madagascar ကဲ့သို့သော နေရာများတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ယနေ့ကျွန်ုပ်တို့တွေ့မြင်ရသော ရွှေလင်းဝါအများစုသည် ဓာတ်ခွဲခန်းတွင် quartz နှင့် amethyst တို့ပေါင်းစပ်မှု၏ရလဒ် အဖြစ်သော်လည်း၊ အဆိုပါကျောက်များကို ယခုတိုင် ဘရာဇီးနှင့် ဥရုဂွေးတို့တွင် တူးဖော်တွေ့ရှိကြသည်။

ယခုဖော်ပြပေးခဲ့သော အကြောင်းအရာလေးသည် အရောင်ကာလာအားဖြင့် ဆွဲဆောင်မှုရှိပြီး အခြားသော သဘာဝ စွမ်းအင်များအနေနှင့်လည်းပြည့်စုံသော ရွှေလင်းဝါ ကျောက်အကြောင်းအရာလေးဖြစ်ပြီး မိဘပြည်သူများ ဗဟုသုတရရှိစေရန် ဖော်ပြပေးလိုက်ပါသည်။