ရွှေအကြောင်းသိကောင်းစရာ

မျောရွှေ ကျောက်ရွှေ ဆိုတာဘာလဲ?

alluvialgolddepositsinmyanmar

ရွှေအကြောင်း စိတ်ဝင်စားသော ရွှေချစ်သူများအတွက် သိထားသင့်သော မျောရွှေနှင့် ကျောက်ရွှေ အကြောင်းအရာလေးကို မျှဝေပေးလိုက်ပါသည်။

မျောရွှေဆိုသည်မှာ မြစ်ကြမ်းပြင်တွင် သဲများ၊ ကျောက်များ အပါအဝင် မြစ်ကြမ်းပြင်တွင်ရှိသော အရာများကို စက်များနှင့် စုပ်ယူပြီး မြက်အတုပုံစံ သို့မဟုတ် အရပ်အခေါ် ကတ္တီပါ အစအပေါ်တွင် လောင်းချပြီး ပါရှိလာသော အရာများထဲမှ ရွှေမှုန်ရွှေစများကို ပြန်လည် စစ်ယူခြင်းကို မျောရွှေ ဟုခေါ်ခြင်း ဖြစ်ပါသည်။ ထိုစစ်ထုတ်လိုက်သော အရာများထဲတွင် ပါလာသော ရွှေကို ဓာတုပစ္စည်း ပြဒါးကို အသုံးပြုပြီး ရွှေဖမ်းယူခြင်းဖြစ်ပါသည်။ ရွှေဖမ်းယူပြီးနောက် မလိုအပ်သောအနည်များအပါအဝင် စွန့်ပစ်မြေစာပုံများကို ချောင်းအတွင်း ပြန်ချခြင်း သို့ မဟုတ် ချောင်းဘေးတွင် စုပုံထားခြင်းမျိုး ဖြစ်ပါသည်။

မျောရွှေလုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် တည်ရှိသော ဥရုချောင်းမြစ်ထဲတွင် အများဆုံးတူးဖော်လုပ်ကိုင်ကြပါသည်။ ၂၀၁၅ ခုနှစ်မှစ၍ ဟုမ္မလင်းမြို့နယ်အတွင်း ဥရုချောင်းထဲတွင် ကန့်သတ်နေရာ အနည်းငယ်မှာပင် မျောရွှေလုပ်ငန်း လုပ်ကိုင်ရန် လုပ်ငန်း ၄၇ ခုကိုသာ ခွင့်ပြုထားသော်လည်း ယခုအခါတွင် တရားမဝင် မျောရွှေလုပ်သူရာချီရှိသလို မျောဖောင်များသည်လည်း အရင်ကထက် များပြားစွာ ရွှေထုတ်ခြင်း လုပ်ကိုင်ခြင်းတွေရှိကြသည်ဟု ဒေသခံများမှ ဆိုကြပါသည်။

မျောရွှေများသည် ရွှေထွက်ရှိရာ ဒေသများမှ မြစ်ချောင်းများတွင် လက်လုပ်လက်စား တစ်နိုင်တစ်ပိုင် ဒေသခံများမှ အစ တရားဝင်မျောလိုင်စင်ဖြင့် လုပ်ကိုင်နေသည့် ကုမ္ပဏီကြီးများကပါ ရွှေမျောတိုက်ပြီး ရွှေကို ကျင်ယူခြင်းဖြင့်ရရှိလာသော ရွှေကို မျောရွှေဟု သတ်မှတ်ကြပါသည်။ ရွှေကျင်သည့်အခါ ယမနေသားနှင့် ပြုလုပ်ထားသော ပေါ့ပါးလှသည့်ကျင်ခွက်ကို အသုံးပြုကြပြီး ကျင်ခွက်ထဲတွင် ရွှေမှုန်အချို့ကို မြင်ရတတ်သလို့ တစ်ချို့ကို မမြင်နိုင်ပေ။ ထို့ကြောင့် မမြင်ရသော ရွှေမှုန်များကို ပြဒါးနှင့်စုပြီး ဖမ်းကြခြင်းဖြစ်ပါသည်။ စုထားသော ပြဒါးရည်ကို ပိတ်စအပါးနှင့် ပြန်စစ်ပြီး ပြန်ညှစ်ယူကြပါသည်။ ထိုအခါ ရွှေမှုန်လေးများကို ပြဒါးက ငုံထားသောအတွက် ပြဒါးအရောင်ပဲ မြင်ကြရပါသည်။ ထိုအရာကို အပူပေးပြီး ပြဒါးကိုမှုတ်လိုက်သည့်အခါ ပြဒါးများသည် လွှင့်စင်သွားသောကြောင့် ရွှေကို ရရှိခြင်းဖြစ်ပါသည်။

ကျောက်ရွှေဆိုသည်မှာ ရွှေသတ္တုသိုက်ပေါ်မူတည်ပြီး ကျောက်များထဲတွင် ကပ်လျှက်ရှိသော ရွှေကို ဆိုလိုပါသည်။ ထို့ကြောင့် သတ္တုသိုက်တွင်ရှိသော ကျောက်များကို ထုခွဲပြီး သတ္တုကြောကို လိုက်၍ တူးဖော်ခြင်းမှ တဆင့်ရရှိလာသော ရွှေအမျိုးအစားဖြစ်ပါသည်။ ကျောက်ရွှေကို သပိတ်ကျင်း၊ စဉ့်ကူး၊ ကျည်တောက်ပေါက်ဒေသများတွင် အများအပြားတွေ့ရှိရပြီး ရွှေကြောရှိသော နေရာတွင် ကျောက်ဖယောင်း၊ ကျောက်ကုလား (သို့မဟုတ်) ကျောက်မဲ၊ သလင်းပွ၊ သလင်းကျစ်များ ပေါများစွာတွေ့ရသောကြောင့် ရွှေသမားများသည် ကျောက်ဖ ယောင်း မည်သည့်နေရာတွင် ပေါများစွာ တွေ့ ရှိရသလဲဆိုသည်ကို မူလပထမ လိုက်ရှာလေ့ရှိ ကြသည်။

ကျောက်ဖယောင်းဟု အမည်ပေးထားသည့်အတိုင်း အဆိုပါ ကျောက်ဖယောင်းသည် ပြင်ပဖယောင်းသားကဲ့သို့ လွန်စွာနူးညံ့ပြီး အဆီဓာတ်ရှိသည်။ မြေအောက်ထဲရှိ ကျောက်သားထုများ၊ ပြတ်ရွေ့ကြောများ အချင်းချင်းပွတ်တိုက်ရာတွင် ကျောက်ဖယောင်းသည် ချောဆီကဲ့သို့ ကျောက်သားထုများကြား ပွတ်တိုက်မှု ချောမွေ့အောင် လုပ်ဆောင်ပေးသည့် ကျောက်သားအပွတစ်မျိုးဖြစ်ပြီး လက်ဖြင့်ဖဲ့ချေ၍ ရသည်အထိ နူးညံ့သည်။ ကျောက်ဖယောင်းပြီးလျှင် တွေ့ရမည်မှာ ကျောက်ကုလားဟု ခေါ်ဆိုကြသည့် အမည်းရောင် ကျောက်အမာ တစ်မျိုးဖြစ်ပြီး မာကျောမှု လွန်စွာမြင့်မားလှသည်။ ရွှေတွင်းတူးဖော်ရာတွင် အဆိုပါ ကျောက်ကုလားကို ယမ်းဖြင့် ဖောက်ခွဲရပြီး ယမ်းဖောက်ရန်အတွက် အဆိုပါ ကျောက်ကုလား ကျောက်သားထုထဲသို့ သုံးပေ – လေးပေခန့်ရှိ အပေါက်များကို ဂန်းဖြင့် ဖောက်ရသည်။ တစ်ခါတစ်ရံတွင် ဂဟေဆော်သည့်အလား မီးပွင့်များ ဖြာထွက်သည်အထိ မာကျောလှသော ကျောက်အမျိုးအစား တစ်ခုဖြစ်သည်။ ကျောက်ကုလားပြီးနောက် တွေ့ရမည်မှာ သလင်းပွ ဟုခေါ်ဆိုသည့် ကျောက်အဖြူတစ်မျိုးဖြစ်သည်။ ကြည်လင်သော အဆင်းရှိပြီး သိပ်သည်းဆ နည်းပါး သောကြောင့် အလွယ်တကူ ချေမွနိုင်သည်။ သလင်းပွကျောက်များကို တွေ့ရှိသော်လည်း ရွှေပါဝင်သော  သလင်းကျစ်ကျောက်များကို အုံနှင့်ကျင်းနှင့် တွေ့ရှိသည်အထိ မြေအောက်တွင် ဆက်လက်တူးဖော်ပြီးမှသာ ကျောက်ရွှေအမျိုးအစားကျောက်များ မှတဆင့် ရွှေရရှိမည်ဖြစ်သည်။

ယခုမျှဝေပေးသော အကြောင်းအရာသည် မြန်မာ့ရွှေလုပ်ငန်းတွင် တွေ့ရှိရတတ်သော မျောရွှေနှင့်‌ ကျောက်ရွှေအကြောင်းအရာလေးဖြစ်ပြီး ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ပါသည်။