ကျောက်မျက်အကြောင်းသိကောင်းစရာ

ကမ္ဘာ့အဖိုးတန်ဆုံးကျောက်မျက်ရတနာများ

theworldsmostpreciousgems

ကမ္ဘာပေါ်တွင် ရှိသော ကမ္ဘာ့အဖိုးတန်ဆုံး ကျောက်မျက်ရတနာ အကြောင်းများထဲတွင် မည်သည့်ကျောက်မျက်ရတနာ အမျိုးအစားများပါဝင်ကြောင်း စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါသည်။

ကျောက်မျက်ရတနာဆိုသည်မှာ ကမ္ဘာပေါ်ရှိအလှတရားများထဲတွင် အလှပဆုံးနှင့် အဖိုးတန်ဆုံး ပစ္စည်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ အဖိုးတန်သော ကျောက်မျက် ရတနာကောင်းတစ်ခုဖြစ်လာရန် သေးငယ်သော ဓာတ်ပြုမှုမှ အစပြု၍ နှစ်ထောင်သောင်းပေါင်းများစွာ၊ လိုအပ်သော အပူချိန်၊ ကြီးမားသော ကမ္ဘာမြေ၏ဖိအား၊ ပုံဆောင်ခဲ အဆင့်ဆင့်ပြောင်းလဲလာမှုများကို ပေါင်းစုဖြတ်သန်း၍ ရတနာတစ်ခုအနေနှင့်လှပစွာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ထိုဖြစ်တည်လာသော ရတနာကို လူသားများသည် ကမ္ဘာမြေ၏ အတွင်းပိုင်းထိ ခက်ခဲစွာ ရှာဖွေတူးဖော်ပြီးမှရရှိသောကြောင့် တန်ဖိုးကြီးလှသည်။

လူသားများသည် ကျောက်မျက်ရတနာများအား လွန်ခဲ့သောနှစ်ပေါင်းထောင်စုနှစ်များစွာမှစ၍ သမိုင်းတစ်လျောက် အမျိုးမျိုးသော ယုံကြည်ချက်များစွာဖြင့် အလေးထား အသုံးပြုခဲ့ကြပါသည်။ အချို့သော သူများမှာ အဆောင် အဆင်တန်ဆာ အဖြစ် အသုံးပြုကြသလို အချို့သူများမှာ ဘာသာရေး အယူအဆများဖြင့် အသုံးပြုကြသူများ ရှိကြပါသည်။ ထို့အပြင် အချို့သော သူများကမူ ကျောက်မျက်ရတနာများ သည် ရောဂါဘယများကိုပင် ကုစားနိုင်ကြသည်ဟု ယုံကြည်ကြပါသည်။ မည်သို့ပင် ဆိုစေကာမူ ကျောက်မျက် ရတနာများအားလုံးတွင် စွဲမက်ဖွက်ကောင်းသော အလှအပကိုယ်စီ ရှိကြသည်ဆိုသည်မှာတော့ အမှန်တရားပင်ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ အဖိုးအထိုက် တန်ဆုံးသော ရတနာစာရင်းဝင် ကျောက်မျက်ရတနာအချို့ကို ကျောက်ချစ်သူ မိဘပြည်သူများအတွက် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ပါသည်။

Tanzanite

Tanzanite ဟုခေါ်သည့် ၎င်းကျောက်မျက်ရတနာကို Tanzania မြောက်ဘက်ပိုင်းတွင်၁၉၆၇ ခုနှစ်တွင်တွေ့ရှိခဲ့သည်ဟုသုတေသနဆိုင် ရာ သမိုင်းအထောက်အထားများ အရတွေ့ရသည်။ ထိုကျောက်မျက် ရတနာကို Kilimanjaro တောင်ခြေရှိ တောင်ပူစာတွင် တွေ့ရှိရပြီး အရောင်အားဖြင့် ခရမ်းပြာရောင်ရှိသည်။ ထိုခရမ်းပြာရောင် Tanzanite ကျောက်မျက် ရတနာအမျိုးအစားကို ကမ္ဘာကျော်လက်ဝတ် ရတနာ ကုမ္ပဏီ ဖြစ်သည့် Tiffany and Co. မှ စတင်အသုံးပြုပြီးနောက်တွင် ပို၍ခေတ်စားလာခဲ့ပြီး ကမ္ဘာတန်ဖိုးအကြီးဆုံးကျောက်မျက် ရတနာ တစ်ခုအဖြစ် စာရင်းဝင်လာခဲ့သည်။

Black Opal

Black opal ဟုခေါ်သည့် အနက်ရောင်မဟူရာကျောက်များသည် ကမ္ဘာပေါ်တွင် အဖိုးထိုက်တန်ဆုံးသော မဟူရာများဖြစ်သည်။ ထိုအနက်ရောင်မဟူရာ များကို New South Wales ၏ Lightning Ridge Area တွင်သာ ထွက်ရှိသည်ဟုဆိုကြသည်။ ထို့ကြောင့် ၎င်းကျောက်များကို သြစတြေးလျနိုင်ငံ၏ သဘာဝ အရင်းအမြစ်များဟုလည်း သတ်မှတ်နိုင်သည်။ The Royal One ဟု အမည်ပေးထားသော အနက်ရောင် မဟူရာသည် တန်ဖိုးအားဖြင့် 3 million ရှိပြီး ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံးသော အနက်ရောင်မဟူရာ ကျောက်မျက် ရတနာ ဖြစ်သည်။ အလေးချိန်အားဖြင့် 306 carats ရှိပြီး တူးဖော်ရရှိပြီး ၁၄နှစ် အကြာမှ မှတ်တမ်းတင်ခဲ့ခြင်းလည်းဖြစ်သည်။

Red Beryl

red beryl ဟု အမည်တွင်သော ကျောက်မျက်ရတနာသည် အလွန်ရှားပါးပြီး New Mexico ရှိ Utah ဒေသတွင် အလွန်ရှားပါးစွာတွေ့ရသည်။ တန်ဖိုးအားဖြင့် $10,000 per carat ရှိပြီး လေလံပွဲများတွင်သာရောင်းချခြင်းရှိသည့် ကမ္ဘာပေါ်ရှိတန်ဖိုးအကြီးဆုံးကျောက်မျက် ရတနာတစ်မျိုး ဖြစ်ပါသည်။

Musgravite

Musgravite ကို သြစတြေးလျ တွင် ၁၉၆၇ ခုနှစ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၀၅ ခုနှစ်တစ်နှစ်လုံးတွင်Musgravite  ရတနာ စုစုပေါင်း ရှစ်ခုသာ ရှာတွေ့ခဲ့သောကြောင့် အလွန်ရှားပါးသည့် အမျိုးအစားဖြစ်သည်။ ထိုမျှရှားပါးသော သဘာဝ အရင်းအမြစ် ဖြစ်သောကြောင့် တန်ဖိုးအားဖြင့်လည်းကြီးမားလှတာကြောင့် ကမ္ဘာ့တန်ဖိုးအားဖြင့် $35,000 per carat ရှိသည်။

Ruby

ပတ္တမြားကို King of Gemstones ဟုပင် တင်စားကြသည်။ ပတ္တမြားကို ပန်းနုရောင်မှ အနီရင့်ရောင်ထိ လှပစွာတွေ့ရတတ်သည်။ ပတ္တမြားသည် ရှားပါးသော ရတနာတစ်ခုဖြစ်သည့်အပြင် မြန်မာပတ္တမြားသည် ကမ္ဘာပေါ်တွင် နာမည်ကြီးပြီး လူကြိုက်များသည့် တွင်းထွက်တစ်မျိုးလည်းဖြစ်သည်။ ထိုကြောင့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ အလွန်ရှားပါးသော ပတ္တမြားကို ဆွတ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် $30 million ဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကျောက်မျက်ရတနာ စာရင်းဝင်ခဲ့ပါသည်။

Pink Diamond

စိန်များသည် များသောအားဖြင့် ကာလာမရှိတာကြောင့် အရောင်ရှိသောစိန်များသည် အလွန်ရှားပါးလှသည်။ ထိုထဲတွင်မှ ပန်းရောင်ရှိသောစိန်များသည် အရှားပါးဆုံးလည်းဖြစ်သည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စိန်တူးဖော်ရရှိမှုတွင် ပန်းရောင်ရှိသောစိန်များသည် ဝ.၁% သာရှိတာကြောင့် တန်ဖိုးအားဖြင့် $1.19 million per carat ရှိပါသည်။

ယခု ဖော်ပြပေးခဲ့သော အကြောင်းအရာများသည် ကမ္ဘာ့အဖိုးတန်ဆုံး ကျောက်မျက်ရတနာများထဲမှ ကျောက်မျက်ရတနာ ၆ မျိုး အကြောင်း ကို ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဗဟုသုတများစွာ ရရှိနိုင်မည်ဟု မျှော်လင့်ရင်း ဖော်ပြပေးလိုက်ပါသည်။