ဆောင်းပါး

ပီချူးဝတ်ဆင်ခြင်း၏ အကျိုးကျေးဇူးများ

Benifit of wering the Pixiu 1

ယခု‌ခေတ် ရွှေဖက်ရှင် ရေစီးကြောင်းတွင် ခေတ်စား လူကြိုက် များလာသည့် တရုတ် ရိုးရာ ယဉ်ကျေးမှုမှ ဆင်းသက်လာသော ပီချူး ပုံသဏ္ဍာန် ရွှေထည်များ ဝတ်ဆင်လာခြင်း၏ အကျိုးကျေးဇူးများကို အားလုံးအတွက် တင်ပြ မျှဝေ ပေးလိုက်ပါသည်။ ပီချူး ဆိုသည်မှာ တရုတ်ရိုးရာ Mythical Creature လို့ ခေါ်ဝေါ်ကြလေ့ ရှိပါသည်။ အတောင်ပံပါသည့် ခြင်္သေ့နှင့် ဆင်တူသော လာဘ်ခေါ် ကောင်လေးဖြစ်ပြီး၊ နဂါးဘုရင်၏ (၉) ယောက်မြောက် သားတော် တစ်ပါးလည်း ဖြစ်ပါသည်။ ပီချူးလေးတွေသည် ချမ်းသာခြင်း၊ လာဘ်လာဘ ကောင်းခြင်း အစရှိသည့် အရာများကို လွှမ်းမိုးနိုင်စွမ်းရှိသော လာဘ်ကောင်လေးအဖြစ် လွန်ခဲ့သည့် ထောင်စုနှစ်ပေါင်းများစွာမှစ၍ တရုတ်ရိုးရာ ဒဏ္ဌာန်ရီထဲတွင် ယုံကြည် သတ်မှတ်ထားပါသည်။ တနည်း ပြောရလျှင် ပိုက်ဆံများများ ဝင်လာနိုင်အောင် စုဆောင်း ပေးနိုင်သည့်နေရာတွင်လည်း လာဘ်ကောင်လေး အဖြစ် အသုံးပြုကြပါသည်။

ပီချူး ဆိုတာ မည်သည့် ပုံသဏ္ဍာန်ရှိပြီး ဘယ်လို အကျိုးကျေးဇူးများ ရရှိနိုင်မလဲ ?

ပီချူး ကောင်လေး၏ ပုံစံသည် ပါးစပ်ကို ဟထား၍ အမြှီးနှစ်ခွနှင့် ဖြစ်ပြီး ပါးစပ် ဟထားသည့် ပုံစံကြောင့် ငွေကြေး၊ ပိုက်ဆံများကို ပါးစပ်မှ တစ်ဆင့်၀င်စေနိုင်သော အစွမ်းကို ဖြစ်ပေါ်စေပါသည်။ ပီချူးလေး၏ ရှည်လျားလှသော အမြှီးလေးများသည် တင်ပါးနှစ်ဖက်ကို ဖုံးအုပ်ထားသောကြောင့် ၀င်လာသမျှ ငွေများကို အပြင်သို့ ပြန်မထွက်သွားစေနိုင်ရန် စွမ်းဆောင်ပေးနိုင်ပါသည်။ ဒါ့အပြင် လူချစ် လူခင် ပေါများစေပြီး ကျရောက်လာသည့် ကံဆိုးမှု၊ အညံ့များကို ကိုယ်စား တိုက်ထုတ် ကာကွယ်ပေးနိုင်သော အစွမ်း ရှိပါသည်။ ပီချူး‌ ဝတ်ဆင်ခြင်းသည် ကျန်းမာရေးအတွက် သွေးလည်ပတ်မှုကို ပိုမို ကောင်းမွန်စေနိုင်ပါသည်။

ပီချူးကို ဘယ်လိုလူတွေ မဝတ်ဆင်သင့်ဘူးလဲ ?

တရုတ် ကျမ်းဂန်နှင့် ရှေးဟောင်း တရုတ်စာပေအချို့တွင် ပီချူးကို အသက် ၇၀ ကျော် လူကြီးများနှင့် အသက် ၁၆ နှစ်အောက် ကလေးများ ပီချူးရုပ်လေးများ ဝတ်ဆင်ရန် မသင့်တော်ကြောင်း ဖော်ပြ ထားပါသည်။ ဒါ့အပြင် အမျိုးသမီးများအနေနှင့် ကိုယ်ဝန်ဆောင်ချိန်တွင် ပီချူး လက်ပတ်များကို မဝတ်ဆင်သင့်ကြောင်း ဖော်ပြထားပါသည်။ ထိုသူများအနေနှင့် ပီချူးကောင်လေးတွင် ရှိသည့် စွမ်းအားများကို ခုခံနိုင်ရန်အတွက် လုံလောက်သော အင်အားမရှိသောကြောင့် ဖြစ်ပါသည်။

ပီချူးလေးတွေကို လက်၏ ဘယ်ဘက်တွင် ဝတ်ဆင်သင့်သလဲ ?

ပီချူး လက်ပတ်များကို ဝတ်ဆင်သည့်အခါ ဘယ်ဘက် လက်တွင် ဝတ်ဆင်ရပါမည်။ ထိုသို့ ဝတ်ဆင်ခြင်းဖြင့် အစွမ်းထက်သည့် စွမ်းအားများအား လူကိုယ်ခန္ဓာ၏ ဘယ်ဘက်မှတစ်ဆင့် ဝင်စေပြီး ညာဘက်မှ ပြန်ထွက်သွားစေရန် ဖြစ်ပါသည်။ ထို့ကြောင့် ညာဘက်တွင် ဝတ်ဆင်ခဲ့မည်ဆိုပါက ချမ်းသာကြွယ်ဝမှုများကို ယူဆောင်ပေးလာသော စွမ်းအားများသည် ဝတ်ဆင်သူထဲ မရောက်ရှိစေပဲ အခြားသူများဆီသို့ ရောက်သွားနိုင်မည်ဟု ယုံကြည်ကြပါသည်။

ပီချူးကောင်လေး၏ ခေါင်းကို ဘယ်ဘက်တွင် ထား၍ ဝတ်ဆင်သင့်သလဲ ?

ပီချူးကောင်လေး၏ ဦးခေါင်းအား ဝတ်ဆင်သူ ခန္ဓာကိုယ် အပြင်ဘက်တွင် ထား၍ ဝတ်ဆင်ရပါမည်။ ထိုသို့ ဝတ်ဆင်ခြင်းဖြင့် ပီချူး၏ ခေါင်းသည် အပြင် ပတ်ဝန်းကျင်တွင် ရှိသော ထက်မြက်သည့် အစွမ်းသတ္တိများကို ဦးခေါင်းမှတဆင့် ကိုယ်ခန္ဓာထဲသို့ ယူဆောင် လာပေးနိုင်သောကြောင့် သတိထား၍ ဝတ်ဆင်ဖို့ လိုအပ်ပါသည်။ ဆိုလိုသည်မှာ ခေါင်းပိုင်းကို လက်သန်းဘက်သို့ မျက်နှာမူ၍ ဝတ်ဆင်ရမည် ဖြစ်ပါသည်။

ပီချူးရုပ်ကို ဝတ်ဆင်ထားသူများ မည်သည့်အချက်ကို သတိထားသင့်သလဲ ?

ပီချူးကို ပထမဆုံး စတင် ဝတ်ဆင်သူများအနေနှင့် ကြာကြာ ဝတ်ဆင်ထားရန် လိုအပ်ပါသည်။ အနည်းဆုံး ၁ လ ဝတ်ပေးသင့်ပြီး ထိုမှသာ ပီချူးကောင်လေးသည် ဝတ်ဆင်သူ၏ ခံစားချက်များကို နားလည်ပေး၍ ဝင်ငွေများ တိုးပွားလာအောင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။ ပီချူးကို စတင် ဝတ်ဆင်သူများအတွက် ဆောင်ရန် ရှောင်ရန် အကြောင်းရာလေးများကို သိထားသင့်ပါသည်။ ပီချူးသည် စွမ်းအားရှိသော သတ္တဝါဖြစ်သည့်အတွက် ရေချိုးခန်း၊ အိမ်သာများနှင့် ညစ်ပတ်သောနေရာများသို့ ယူဆောင်သွားရန် မသင့်တော်ပါ။ ပိုင်ဆိုင်ထားသော ပီချူးအား အခြားမည်သူကိုမျှ ပေးမကိုင်မိရန်နှင့် ဝတ်ဆင်သူ တစ်ယောက်တည်းသာ အတတ်နိုင်ဆုံး ထိတွေ့သင့်ပါသည်။ ပီချူးကောင်လေးသည် တစ်ကိုယ်တည်း နေရသည်ကို ကြိုက်သောကြောင့် အခြား ရတနာများနှင့် တွဲဖက်ပြီး ၀တ်ဆင်ခြင်းမျိုးထက် သီးသန့် ဝတ်ဆင်ခြင်းသည် ပိုမို၍ သင့်လျော်ပါသည်။ ပီချူးကောင်လေးကို နေ့စဉ် နေ့တိုင်း ခေါင်းမှ အမြှီးထိ ပွတ်ပေးခြင်းအားဖြင့် ဝင်ငွေများ တိုးပွားနိုင်သည်ဟု အယူရှိသောကြောင့် လက်ဝယ် ပိုင်ဆိုင်ထားသော ပီချူးကောင်လေးများကို နူးညံ ညင်သာစွာ ပွတ်သတ်ပေးပြီး လာဘ်လာဘ တိုးပွားနိုင်ပါသည်။ ထို့အပြင် ပီချူးလေးသည် အပျင်းကြီး၍ အချိန် တော်တော်များများ အိပ်ပျော်နေတတ်သည်ဟု တရုတ် ရိုးရာ ရှေးဒဏ္ဌာန်ရီ စာအုပ်တွေထဲတွင် ရေးသား ဖော်ပြထားပြီး ပီချူးဝတ်ဆင်ခြင်းအားဖြင့် ရရှိနိုင်မည့် ကောင်းကျိုး ဆိုးကျိုးများကို တင်ပြ ဖော်ပြလိုက်ပါသည်။