ရွှေအကြောင်းသိကောင်းစရာ

ရွှေဈေး အတက်အကျကြမ်းချိန်တွင် ရွှေဝယ်သင့် မဝယ်သင့်

buygoldwhilemarketisfragile

မြန်မာ့ရွှေဈေးကွက်၏ ရွှေဈေးအတက်အကျမြန်နေသောအချိန်တွင် မိဘပြည်သူများအတွက် ရွှေကိုဝယ်သင့် မဝယ်သင့်နှင့်ပတ်သက်သော အကြောင်းအရာလေးများကို အားလုံးအတွက် မျှဝေပေးချင်ပါသည်။

ယခုအချိန်အခါတွင် မြန်မာပြည်၌ ဒေါ်လာဈေးမတည်ငြိမ်မှုကို အကြောင်းပြုပြီး ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့်အတူ ရွှေဈေးများမှာလည်း ပုံမှန်ထက် အတက်အကျမြန်ဆန်ပြီး စံချိန်တင် ဈေးနှုန်းမြင့်တက်မှုများနှင့် ရင်ဆိုင်နေကြရပါသည်။ ထိုသို့သောအချိန်မျိုးတွင် ပုံမှန် ရွှေဝယ်ယူလေ့ရှိသောသူများနှင့် ရွှေကိုရင်းနှီးမြှုပ်နှံမှုတစ်ခုအနေဖြင့် ဝယ်ယူလေ့ရှိသော စီးပွားရေးလုပ်ငန်းရှင်များအတွက် အခုလိုအခြေအနေများသည် ခေါင်းခဲစရာတစ်ခုအနေနှင့် ဆုံးဖြတ်ရခက်စရာတစ်ခု ဖြစ်နေခဲ့ပါသည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် အရေးကြီးဆုံးသည် အရာရာကို အလောတကြီး မလုပ်သင့်ပဲ မိမိအနေနှင့် လောဘကြီးပြီး စွန့်စားသော အခြေအနေမျိုးကို ရွေးချယ်ခြင်းမှ ရှောင်ကြဉ်ပြီး ရွှေဈေးအတက်အကျကို ချိန်ဆပြီး ဝယ်ယူသင့်ပါသည်။ ထို့အပြင် မိမိ၏ ရင်းနှီးမြှုပ်နှံမှုတိုင်းကို သေချာအောင် စစ်ဆေးရန် လိုအပ်သကဲ့သို့ မိမိရွေးချယ်ဝယ်ယူမည့် ရွှေဆိုင်၏ ရွှေအရည်အသွေး၊ စိတ်ချယုံကြည်ရမှုနှင့် အာမခံချက် စသည့် အချက်များကို ထည့်သွင်းစဉ်းစားသင့်သလို ရွှေဈေးအတက်အကျ ဖြစ်နိုင်ချေများကိုလည်း ခန့်မှန်းတွက်ချက်ပြီးမှ ဝယ်ယူသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ရွှေဝယ်ယူရောင်းချခြင်းများကို online ပေါ်မှလည်း အလွယ်တကူ ရောင်းဝယ် ဖောက်ကားလာကြသောကြောင့် မိမိရွေးချယ်သော ဆိုင်၏ အာမခံချက်ပေးနိုင်မှုကို စိစစ်ရွေးချယ်ပြီး မိမိနှင့် သင့်တော်သော ဆိုင်မှသာ ဝယ်ယူစေလိုပါသည်။

လက်ရှိတွင် ဒေါ်လာဈေး ကမောက်ကမ ဖြစ်ခြင်းနှင့် ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းတို့ကြောင့် လူအများစုသည် မိမိ၏ ငွေကြေးများကို အာမခံချက်ရှိသော စီးပွားရေးတစ်ခုခုတွင် ပြောင်းလဲရင်းနှီးမြှုပ်နှံလိုလာကြပါသည်။ ထို့ကြောင့် ရွှေဈေးကွက်သည် မျက်စိကျစရာဖြစ်လာခဲ့ပြီး အာမခံချက်ရှိသည့်အပြင် နိုင်ငံတကာတွင်လည်း ငွေကြေးဈေးကွက်တစ်ခုရှိပြီးသား ဖြစ်သောကြောင့် ရွှေဈေးအတက်အကျ မြန်ချိန်တွင်လည်း ပုံမှန်အတိုင်း အရောင်းအဝယ်ရှိနေကျဆဲ ဖြစ်ပါသည်။

ရွှေဝယ်ယူခြင်းသည် မမှားသော ငွေကြေးအာမခံချက်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ဝယ်ယူသောအခါတွင် အရင်ကထက် ပိုပြီး ဂရုစိုက်ရန်နှင့် ရွှေဝယ်ယူသောအခါ ဒီဇိုင်းဆန်းသော လက်ဝတ်ရတနာများကို ရွေးချယ်ဝယ်ယူမည့်အစား အလျော့တွက်လက်ခသက်သာသော ရွှေတုံး၊ ရွှေပြားနှင့် မောင်းကွင်း စသည့် လက်ဝတ်ရတနာ ဒီဇိုင်းလေးများကိုသာ ရွေးချယ်ဝယ်ယူကြပါရန် အကြံပြုလိုက်ပါသည်။