ကျောက်မျက်အကြောင်းသိကောင်းစရာ

မိုးကုတ်ဒေသထွက် အဖိုးတန်ကျောက်မျက်ရတနာများ

Gem Stome from Mogok

ကျောက်မျက်ရတနာ ချစ်သူများအတွက် ရည်ရွယ်ပြီး ကျောက်မျက်ရတနာ အမျိုးအစားများ စုံလင်စွာ ထွက်ရှိသော မြန်မာနိုင်ငံ မိုးကုတ်ဒေသထွက် အဖိုးတန်ကျောက်မျက်ရတနာများအကြောင်းကို မျှဝေပေးလိုက်ပါသည်။‌

မြန်မာနိုင်ငံသည် ရွှေနှင့် အဖိုးတန် ကျောက်မျက်ရတနာများပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အရည်အသွေးမြင့်ကျောက်မျက် ရတနာ အများဆုံးတွေ့ရှိရသော ဒေသများမှာ ဖားကန့် ၊ မိုးကုတ်၊ မိုင်းရှူး နှင့် ကူမဲဒေသများသည် အဖိုးတန်ကျောက်မျက်များ ထွက်ရှိရာတွင် နာမည်ကြီးသော ဒေသများဖြစ်ပါသည်။ ဒေသအလိုက် ထွက်ရှိသော ကျောက်မျက်ရတနာ အမျိုးအစားများမှာ မတူညီသော်လည်း တန်ဖိုးနှင့် အရည်အသွေးအားဖြင့် မြန်မာနိုင်ငံ၏ တွင်းထွက်ရတနာများမှာ နိုင်ငံတကာတွင် တန်ဖိုးအကြီးဆုံးနှင့် တန်ကြေးအမြင့်ဆုံး ကျောက်မျက်ရတနာများအဖြစ် အသိအမှတ်ပြုခြင်း ခံထားရပါသည်။

မြန်မာပြည်တွင်း ကျောက်မျက်ရတနာများထဲတွင် တန်ဖိုးအကြီးဆုံး ကျောက်မျက်ရတနာများ ထွက်ရှိရာဒေသဖြစ်သော ပတ္တမြားမြေ ဟုခေါ်သော မိုးကုတ်မြို့ ဖြစ်ပါသည်။ မိုးကုတ်ဒေသသည် ကမ္ဘာ ပေါ်တွင် အရည်အသွေး အကောင်းဆုံး ကျောက်မျက်ရတနာများ ထွက်ရှိရာ ဒေသတစ်ခု ဖြစ်သောကြောင့် ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံ အများစုကပါ မျက်စိကျရသော ဒေသတစ်ခု ဖြစ်ပါသည်။ မိုးကုတ်ဒေသသည် မြန်မာနိုင်ငံ အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင် တွင်ပါဝင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းကုန်းပြင်မြင့်၏ အနောက်ဖက်စွန်းတွင် တည်ရှိပါသည်။ မိုးကုတ်ဒေသသည် အရည်အသွေး ပထမတန်းစားဟု သတ်မှတ်နိုင်သော ပတ္တမြားနှင့် နီလာတို့ အဓိကထွက်ရှိပြီး အရည်အသွေးမြင့် နီလာ အမျိုးအစားများထဲမှ ပန်းရောင်နီလာ ကိုလည်းတွေ့ရှိရပါသည်။ ထို့အပြင် မြ၊ ခရမ်းစွဲနှင့် နှင်းဆီသလင်း (သို့မဟုတ်) သူယောင်ကျောက်များနှင့် အထူးသဖြင့် ရေမဆေးကျောက်များကို အများဆုံး တူးဖော်ရရှိပါသည်။

မိုးကုတ်ဒေသသည် နာမည်ကျော် မြန်မာ့ တွင်းထွက်ကျောက်မျက်ရတနာ တစ်ခုဖြစ်သည့် ပတ္တမြား ငမောက် ကိုလည်း တူးဖော်ရရှိသည့် ဒေသဖြစ်ပြီး ၎င်းကို မိုးကုတ်ဒေသတွင်းရှိ အင်းခေါင်ဒေသမှ တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက နိုင်ငံတကာတွင် အဆင့်သတ်မှတ်ချက်အားဖြင့် ၉ ရှိသည့် Corundum (ပတ္တမြားနီလာ မျိုးရင်း) အုပ်စုဝင်ဖြစ်ပြီး ရှားပါးသည် အနီရောင်ထက် ပန်းရောင်ဘက်သန်းသည့် အရောင်ကွဲမျိုးစိတ်အုပ်စုထဲတွင် ပါဝင်သည့် မီးမထိဘဲ သဘာဝ အစစ်အမှန် ကျောက်မျက်ရတနာတစ်ခု ဖြစ်ပါသည်။

ယခုဖော်ပြပေးခဲ့သော အကြောင်းအရာလေးသည် မြန်မာနိုင်ငံ မိုးကုတ်ဒေသရှိ အဖိုးတန် ကျောက်မျက်ရတနာများ အကြောင်းဖြစ်ပြီး မိဘပြည်သူများ အသိပညာများတိုးပွားပြီး ဗဟုသုတရရှိစေရန် ရည်ရွယ်ရင်း မျှဝေတင်ဆက်ပေးလိုက်ပါသည်။