ရွှေအကြောင်းသိကောင်းစရာ

ပန်းရောင်ရွှေ ( Rose Gold ) ကရွှေအစစ်လား?

ispinkgoldrealgold

ရွှေချစ်သူ မိဘပြည်သူများအတွက် တစ်ကျော့ပြန် ခေတ်စားလာသော ပန်းရောင်ရွှေ ( Rose Gold) နှင့် ပက်သတ်သော အကြောင်းအရာလေးနှင့် ပန်းရောင်ရွှေသည် ရွှေအစစ် ဟုတ်မဟုတ် စသည့်အကြောင်းအရာလေးကို မျှဝေပေးလိုက်ပါသည်။

ပန်းရောင်ရွှေ (Rose Gold) သည် ရွှေစင်နှင့် ကြေးနီပေါင်းစပ်မှုဖြင့် ပြုလုပ်ထားသော သတ္တုတစ်မျိုးဖြစ်ပါသည်။ ၎င်းကို ပြုလုပ်ရာတွင် အဓိက သတ္တုနှစ်မျိုးပါဝင်ပြီး သန့်စင်သော ရွှေစင်နှင့် ကြေးနီ ရောစပ်မှုပါဝင်ပါသည်။ ပန်းရောင်ရွှေ ( Rose Gold)၏ အသုံးအများဆုံးသတ္တုစပ်သည် ရွှေ ၇၅ ရာခိုင်နှုန်းနှင့် ကြေးနီ ၂၅ ရာခိုင်နှုန်း ပါဝင်ပြီး ထိုရွှေသည် 18K ရွှေအမျိုးအစား ဖြစ်ပါသည်။

Rose Gold သည်လည်း အခြားသော ရွှေများကဲ့သို့ပင် တန်ဖိုးရှိသည့် ရွှေသတ္တုတစ်မျိုးဖြစ်ပါသည်။ လက်ဝတ်ရတနာများအတွက် သန့်စင်သော 24Kရှိသောအဝါရောင်တောက်ပသည့် ရွှေကို အဆင်တန်ဆာ အမျိုးမျိုးပြုလုပ်ရန် အလွန်နူးညံ့လွန်းသောကြောင့် အခြားသတ္တုများနှင့် ရောစပ်ရန် လိုအပ်ပါသည်။ ပလက်တီနမ်၊ ရွှေဖြူ၊ ပန်းရောင်ရွှေများသည် သတ္တုရောစပ်နည်းများကို အသုံးပြုပြီး ပြုလုပ်ထားသော လက်ဝတ်ရတနာများဖြစ်ပြီး မိမိနှစ်သက်ရာ အရောင်အမျိုးအစားအလိုက် ရွေးချယ် ဝယ်ယူနိုင်ပါသည်။

Rose Gold ကို ရုရှားရွှေဟု လူသိများပြီး ၁၉ ရာစုအစောပိုင်းတွင် ရုရှားနိုင်ငံ၌ ပထမဆုံးအသုံးပြုခဲ့ပါသည်။ Rose Gold သည်ခမ်းနားထည်ဝါပြီးအမျိုးသမီး ဆန်သောကြောင့် 1920 ပြည့်လွန်နှစ်များတွင် အမေရိကန်တွင် ရေပန်းစားလာခဲ့ပြီး စေ့စပ်လက်စွပ်များနှင့် ကောင်းမွန်သော လက်ဝတ်ရတနာများအဖြစ် ဝတ်ဆင်ခဲ့ကြပါသည်။ Rose Gold သည် အဖိုးတန်ကျောက်မျက်ရတနာများ၊ စိန်များနှင့် တွဲဖက်ဝတ်ဆင်ရာတွင် ဖက်ရှင်ကျပြီး ကျောက်မျက်ရတနာများနှင့် လိုက်ဖက်မှုအရှိဆုံး ရွှေဖြစ်ပါသည်။ ထို့အပြင် ပန်းရောင်ရွှေသည် အခြားသော ရွှေအမျိုးအစားများထက် ပို၍ အကြမ်းခံသောကြောင့် နေ့စဉ် ဝတ်ဆင်မည်ဆိုလျှင်လည်း အလွန် အဆင်ပြေသော ရွှေအမျိုးအစားဖြစ်ပါသည်။ ထို့ကြောင့်လည်း ယခုအခါတွင် ဖက်ရှင်ရေစီးကြောင်းတစ်ခုအနေနှင့် နိုင်ငံတကာရှိ ရွှေလောကတွင် လူကြိုက်များပြီး လူငယ်များ၏ မျက်စိကျစရာ ရွှေအမျိုးအစားဖြစ်လာကာ မဖြစ်မနေရွေးချယ် ဝတ်ဆင်ကြသည့် ရွှေအမျိုးအစားတစ်ခု ဖြစ်လာခဲ့ပါသည်။