ကျောက်မျက်အကြောင်းသိကောင်းစရာ, ပညာရေး, မွေးနေ့ကျောက်

May မေလဖွားမွေးနေ့ရှင်များအတွက် Emerald (မြကျောက်)

Emerald May Birthstone

ဒီတစ်ခါမှာတော့ မေလဖွားမွေးနေ့ရှင်လေးတွေအတွက်ရည်ရွယ်ပြီး သူတို့ရဲ့ Lucky Birthstone လေးဖြစ်တဲ့ Emerald (မြကျောက်)အကြောင်းစိတ်ဝင်စားဖွယ်အကြောင်းအချက်အလက်လေးတွေကိုပြောပြပေးချင်ပါတယ်နော်။
Emerald (မြကျောက်) သည်အစိမ်းရောင်နွေဦးရာသီ၏အရောင်ဖြစ်သည့်ထူးခြားစွာစိမ်းလန်းသောအရောင်ရှိသည့် ကျောက်မျက်ရတနာတစ်မျိုးဖြစ်သည်။ ထို့ကြောင့် Emerald ၏အမည်မှာ “စိမ်းလန်းသောကျောက်မျက်” ဟုအဓိပ္ပါယ်ရသောဂရိစကားလုံး “Smaragdus” မှ ဆင်းသက်လာသည်။ မြကျောက်၏အရောင်သည် စိမ်းလန်းမှုအရောင်နက်လေလေ၊ အဖိုးတန်လေလေဖြစ်သည်။ ရှားပါးသောအဖိုးတန်ကျောက်မျက်၏ အရောင်သည် အစိမ်းရောင်မှအပြာရောင်ဘက်သန်းသောအရောင်ရှိသည်။

Emerald (မြကျောက်) သည် နှစ်ပေါင်းထောင်စုနှစ်များစွာကတည်းကပင် ထင်ရှားသောကျောက်မျက်တစ်မျိုး ဖြစ်သည်။ အထောက်အထားများအရ ဘီစီ ၄၀၀၀ အစောပိုင်းကတည်းကပင် ဈေးကွက်အတွင်း၌ လူသိများပြီး ရောင်းဝယ်ဖောက်ကားမှုများ ရှိနေပြီဖြစ်သည်။ သမ္မာကျမ်းစာတွင်လည်း ဖော်ပြခြင်းခံရသောကျောက်ဖြစ်သည်။ အနောက်တိုင်းစာပေအထောက်အထားများအရ အစောဆုံးရည်ညွှန်းဖော်ပြချက်ပေးသူမှာ “အရစ္စတိုတယ်” ဆိုသူ ဖြစ်သည်။ သူသည်ကျောက်မျက်ရတနာများစွာကို စိတ်ဝင်စားပြီး မြကျောက်သည် စီးပွားရေးလုပ်ငန်းများ၏ အရေးပါမှုကို တိုးပွါးစေသောကျောက်မျက်ရတနာတစ်မျိုးဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ထို့အပြင် သူသည် ကျန်းမာရေးအရ မြကျောက်ကို လည်ပင်းမှာ ချိတ်ဆွဲဝတ်ဆင်ထားသူ (သို့မဟုတ်) လက်တွင်လက်စွပ်အဖြစ် ဝတ်ဆင်ထားပါက မြကျောက်သည် ခုခံအားကျဆင်းခြင်း (ဝက်ရူးပြန်ရောဂါ)ကို ကာကွယ်နိုင်လိမ့်မည်ဟု ဆိုခဲ့သည်။ ရှေးခေတ် အီဂျစ်လူမျိုးများက မြကျောက်သည် မွေးဖွားခြင်းနှင့် ပြန်လည်ရှင်သန်ခြင်းတို့အတွက်ဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ တရုတ်ရိုးရာအရ ကြာသပတေးနေ့သည် အစိမ်းရောင်ဝတ်ဆင်ရမည့်နေ့ဖြစ်ပြီး ထိုနေ့အတွက် ကံကောင်းစေသော ကျောက်မျက်မှာ မြကျောက်ဖြစ်သည်။ အရှေ့နှင့်အနောက် ကမ္ဘာကြီးတွင် အယူအဆအမျိုးမျိုးဖြင့် ထင်မြင်ယူဆချက်များ ကွဲပြားကြသော်လည်း မြကျောက်ကိုမူ ကောင်းသောကံကို ဖြစ်စေ‌သော ကျောက်မျက်ရတနာအဖြစ် ယုံကြည်မှုကတော့ တူညီကြသည်။ Emerald မြကျောက်သည် သစ္စာစောင့်သိမှု ‌သ‌င်္ကေတအဖြစ်လည်း မှတ်ယူပြီး ၎င်းသည် ဝတ်ဆင်သူများအပေါ် ကျရောက်လာမည့်အန္တရာယ်များကို သတိပေးရန် အရောင်ပြောင်းတတ်သည်ဟု ယုံကြည်ခဲ့ကြသည်။ ထို့အပြင်အီဂျစ်ဘုရင်မ Cleopatra ၏ အကြိုက်ဆုံးကျောက်မျက်ရတနာ အမျိုးအစားဖြစ်ပြီး မြကျောက်ကို သရဖူများတွင် တန်ဆာဆင်မှုများမှာလည်း အလွန်ခေတ်စားခဲ့သည်။ သမိုင်းကြောင်းတစ်လျှောက် နန်းတွင်းအစဥ်အဆက် အသုံးပြုခဲ့ခြင်းလည်းဖြစ်သည်။ ချစ်ခြင်းမေတ္တာနှင့် သစ္စာတရားကို ထင်ဟက်စေသော ကျောက်မျက်တစ်ခုဖြစ်သော မြကျောက်သည် ချစ်သူများ၏ သစ္စာစောင့်သိမှုကြောင့် လှပသောအစိမ်းရောင်အဖြစ် တောက်ပနေပြီး သစ္စာမဲ့ခဲ့ပါက ၎င်းသည် ကွဲပြားခြားနားသော သက်မဲ့အရောင်ကို ပြောင်းလဲလိမ့်မည်ဟု ဂရိနတ်ဘုရား Venus ကဆိုသည်။

အထူးသဖြင့် မြကျောက်သည်ကျန်းမာရေးအထူးကောင်းမွန်စေသော ကျောက်မျက်ရတနာတစ်မျိုးအဖြစ် ကျော်ကြားသည်။အမြင်အာရုံကို ကူညီပေးနိုင်သည့် ကျောက်မျက်မျိုးဖြစ်ပြီး ဘယ်ဘက်လက်ချောင်းလေးပေါ်တွင် လက်စွပ်အဖြစ် ဝတ်ဆင်ပါက ၎င်းသည် မျက်စိရောင်ခြင်းကို ပျောက်ကင်းစေသည်ဟု ပြောကြားကြသည်။ ထို့အပြင် မြကျောက်ကိုအမှုန့်အဖြစ်ကြေမွစေပြီး မျက်လုံးကိုလိမ်းကျံခြင်းဖြင့် အမြင်အာရုံအတွက် အထောက်အပံ့တစ်ခုအဖြစ်လည်း ဆိုကြသည်။ အခြားကျန်းမာရေးရောဂါများကိုလည်း သက်‌သာစေနိုင်သေးသည်။ သွေးတိုးရောဂါ၊ နှလုံး ရောဂါ၊ အာရုံကြောဆဲလ်များဆိုင်ရာရောဂါများ၊ ကင်ဆာ၊ အရေပြားရောဂါများ၊ ဝမ်းရောဂါ၊ သွေးအားနည်းခြင်း၊ ကူးစက်ရောဂါနှင့် အဆိပ်သင့်ခြင်းတို့မှလည်း အကာအကွယ်ပေးနိုင်သည်ဟု ယုံကြည်ကြသေးသည်။ စိတ်ကို တည်ငြိမ်စေပြီး အဆိုးမြင်စိတ်များအား အပြုသဘောဆောင်သောစိတ်ခံစားမှုစွမ်းအင်အဖြစ်လည်း ပြောင်းလဲစေ နိုင်သည်ဟုဆိုကြသည်။ ထို့ပြင် Emerald မြကျောက်သည် မေလမွေးနေ့ရှင်များအတွက်သာမက လူများအားလုံး အတွက်အေးဆေးတည်ငြိမ်မှုရှိပြီးတီထွင်ဖန်တီးမှုနှင့်အဟောအပြောကောင်းခြင်းတို့အပေါ်တွင်လည်းသက်ရောက်မှုရှိသည်။ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုပြီး Perfect Love နှင့် Perfect Trust အကြားလည်း ကိုယ်စားပြုသေးသည်။ Emerald မြကျောက်ကို ကမ္ဘာအနှံတွင်တွေ့ရပြီး အထူးသဖြင့် ကိုလံဘီယာ၊ ဘရာဇီး၊ အာဖဂန်နစ္စတန်နှင့် ဇမ်ဘီယာတို့တွင် အဓိကအားဖြင့်ထွက်ရှိသည်။ အရည်အသွေးအကောင်းဆုံးမြကျောက်အချို့ကို ကိုလံဘီယာနိုင်ငံမှ Chivor နှင့် Muzo သတ္တုတွင်းမှ ထွက်ရှိသည်။ ဩစတေးလျနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တောင်အာဖရိက၊ အီဂျစ်၊ အမေရိကန်၊ နော်ဝေးနှင့် ပါကစ္စတန်တို့တွင်လည်း အနည်းငယ်တွေ့ရသည်။

မြကျောက်အများစုတွင် အက်ကြောင်းနှင့် အားနည်းချက်အနည်းငယ်ရှိတတ်ပြီး အရောင်တိမ်မှုလည်းရှိသည်။ သို့သော် ကျောက်၏အရည်အသွေးမြင့်မားမှုကြောင့် မျက်စိဖြင့် ကြည့်ရုံနှင့် အလွယ်တကူမမြင်နိုင်ဘဲ ၁၀ × ၂၀× သို့မဟုတ် ၄၀ × မှန်ဘီလူးများဖြင့် ကြည့်မှသာ မြင်နိုင်မည်ဖြစ်သည်။ မြကျောက်သည် ကြွပ်ဆတ်မှုရှိသဖြင့် ကိုင်တွယ်စဉ်နှင့် ပြင်ဆင်ချိန်အတွင်း အလွယ်တကူ ကျိုးပဲ့နိုင်သည်။ ထို့ကြောင့် မြကို Mohs Hardness Scale တွင်  ၉ အဖြစ် ခွဲခြားထားသည်။ Emerald မြကျောက်ကို သန့်ရှင်းရေးပြုလုပ်မည်ဆိုပါက ရေ‌နွေးနွေးလေးကိုအသုံးပြု၍ နူးညံသောဆပ်ပြာ, သွားတိုက်တံတို့အား အသုံးပြု၍ သန့်စင်ပေးနိုင်သည်။  သို့သော် လိုတာထက်ပို၍ မကြာခဏ သန့်ရှင်းရေး ပြုလုပ်ခြင်းမှလည်း ရှောင်ကြဉ်သင့်ပါသည်။

ထို့ကြောင့် Emerald ကျောက်လေးဟာ May လဖွားမွေးနေ့ရှင်တို့အတွက် အဓိပ္ပါယ်ပြည့်ဝသော Lucky Stone လေး ဖြစ်ရုံသာမကဘဲ ၎င်းအား ဝတ်ဆင်သူတိုင်းကိုလည်း ကောင်းကျိုးအဖြာဖြာပေးတဲ့ ကျောက်မျက်ရတနာတစ်မျိုးဖြစ်ကြောင်း ဗဟုသုတရဖွယ်အချက်အလက်များကို စုဆည်းပြီး မျှဝေပေးလိုက်ပါတယ်နော်။ ကျောက်မျက်ရတနာအားလုံးမှာ ကိုယ်ပိုင်စွမ်းအင်သတ္တိအမျိုးမျိုးရှိကြတာကြောင့် ကျောက်မျက်ရတနာလေးတွေကို အလှဆင်စရာ အဆင်တန်ဆာတစ်ခုထက်ပိုပြီး မိမိတို့ကံကောင်းမှုအတွက် အထောက်အပံ့ကောင်းတစ်ခုအဖြစ် ယူဆပြီး မိမိအတွက်သာမက မိမိချစ်ရတဲ့သူများအတွက် ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာတွေကို ပုံဖော်ပေးနိုင်မယ့် ကျောက်မျက်ရတနာ လေးတွေကို ရွေးချယ်နိုင်ပါစေလို့လည်း ဆန္ဒပြုလိုက်ပါတယ်နော်။