ကျောက်မျက်အကြောင်းသိကောင်းစရာ, မွေးနေ့ကျောက်

နိုဝင်ဘာလမွေးနေ့ရှင်တို့အတွက် ရွေးချယ်စရာ မွေးနေ့ကျောက် Topaz ( ထပ်တရာ ) နဲ့ Citrine ( သလင်းဝါ )

Topaz

 

နိုဝင်ဘာလမှာမွေးဖွားတဲ့ မွေးနေ့ရှင်လေးတွေအတွက်ကတော့ ကိုယ့်ရဲ့မွေးလပေါ်မူတည်ပြီး ရွေးချယ်စရာ မိမိနဲ့သင့်တော်တဲ့ ကျောက်အမျိုးအစားနှစ်မျိုး ရှိနေပါတယ်။ ပထမတစ်ခုကတော့ Topaz ( ထပ်တရာ ) နဲ့ Citrine ( သလင်းဝါ )‌ ကျောက်လေးတွေပဲဖြစ်ပါတယ်။

ဒါ့အပြင် Topaz ထပ်တရာကျောက် နဲ့ Citrine သလင်းဝါကျောက်လေးတွေဟာ အရည်အသွေးကောင်းပြီး အခြားကျောက်များကဲ့သို့ အလွန်မရှားပါးသဖြင့် ဈေးနှုန်းအနေနဲ့လည်း တန်ဖိုးသင့်လှတဲ့ ကျောက်လေးတွေပဲဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့ Topaz မြန်မာလိုအနေနဲ့ ထပ်တရာလို့ နာမည်ကျော်တဲ့ ကျောက်လေးအကြောင်းအရင်ဆုံး မျှဝေပေးချင်ပါတယ်။ Topaz ကျောက်လေးဟာ အရောင်အသွေးစုံလင်စွာရှိပြီး အပြာ၊ အဝါ၊ လိမ္မော်၊ ပန်းရောင်၊ ခရမ်း စသည်ဖြင့် စုံလင်လှပါသည်။ အထူးသဖြင့် အပြာရောင်ကိုအများဆုံးတွေ့ရပြီး တစ်ခါတစ်လေ ပြင်းပြသောအပူနဲ့ ဓာတ်ရောင်ခြည်တို့ကြောင့် အရောင်မဲ့သော Colorless Topaz လေးများကိုလည်းတွေ့ရတတ်သည်။

Topaz ဟူသော စကားလုံးသည် Sanskrit ဟူသောစကားလုံး Tapas မှ ဆင်းသက်လာပြီး “မီး” ဟု အဓိပ္ပါယ်ရသည်။ ရှေးခေတ်ဂရိလူမျိုးများသည် ၎င်း Topaz ကျောက်လေးများသည် သူတို့ကို ခွန်အားပေးသည်ဟုယုံကြည်ကြပြီး ဥရောပလူမျိုးများက မကောင်းသော မှော်အတတ်များကိုဖယ်ရှားနိုင်ပြီး ဒေါသကိုထိန်းချုပ်နိုင်သည့် စွမ်းအင်ရှိသည်ဟုဆိုကြသည်။ ဒါ့အပြင် အိန္ဒိယလူမျိုးများစွာက Topaz ကျောက်ဝတ်ဆင်ခြင်းအားဖြင့် အသက်ရှည်ခြင်း၊ လှပခြင်းနှင့် ဉာဏ်ရည်မြင့်မားခြင်းတို့အပေါ် သက်ရောက်မှုရှိသည်ဟု လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက လက်ခံယူဆခဲ့ကြသည်။ ပန်းရောင်နှင့် လိမ္မော်ရောင် Topaz ကျောက်ကို Imperial Topaz ဟုဆိုပြီး မင်းမျိုးမင်းနွယ်တော်ဝင်မိသားစုများက အများဆုံးဝတ်ဆင်ခဲ့ကြသည်။

ဘရာဇီးနိုင်ငံ မင်းတူးမင်းနပ်စ်ဒေသတွင် အဓိကအရည်အသွေးအကောင်းဆုံး Topaz ကျောက်လေးများကို အများဆုံးတူးဖော်တွေ့ရှိရပြီး အဝါရောင်နှင့်လိမ္မော်ရောင်၊ အနီရောင်နှင့်ပန်းရောင်၊ ခရမ်းရောင်နှင့်အနီရောင်စသည်ဖြင့် အရောင်စပ်များအနေဖြင့်လည်း ၎င်းဒေသတွင် ရှားပါးစွာတွေ့ရှိရတတ်သည်။ ပါကစ္စတန်အနောက်မြောက်ပိုင်းသည် ပန်းရောင် Topaz ကျောက်များတွေ့ရှိရာဒေသအဖြစ်လူသိများပြီး ၁၉၇၂ ဝန်းကျင်ကတည်းက တူးဖော် တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

Topaz ကျောက်လေးများသည် Mohs ၏ မာကျောမှုအဆင့်အတိုင်းအတာ သတ်မှတ်ချက် 8 စကေးရှိသောကြောင့် မာကျောမှုမြင့်မားသဖြင့် ကျောက်သားကွဲအက်ခြင်းကို အထူးဂရုစိုက်ရန် လိုအပ်သည်။ Topaz ကျောက်လေးများကို သန့်ရှင်းရေးပြုလုပ်ရာတွင် အခြားကျောက်လေးများကို သန့်ရှင်းရေးပြုလုပ်သကဲ့သို့ ရေနွေးငွေ့အသုံးပြု၍ သန့်ရှင်းစေခြင်းနှင့် Ultrasonic သန့်ရှင်းရေးပြုလုပ်ခြင်းကို အသုံးမပြုသင့်ပါ။ အဘယ်ကြောင့်ဆိုသော် အပူချိန်မြင့်မားခြင်း သို့မဟုတ် ရုတ်တရက်အပူချိန်ပြောင်းလဲမှုကြောင့် ကျောက်၏ အတွင်းပိုင်း ကွဲအက်ခြင်းကို ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်နူးညံသောဆပ်ပြာ သို့မဟုတ် နွေးသောဆပ်ပြာရည်ကိုအသုံးပြု၍သာ သန့်စင်အောင် ဆေးကြောပေးသင့်ပါတယ်။

နိုဝင်ဘာလဖွားမွေးနေ့ရှင်လေးတွေအတွက် အခုထပ်မံမျှဝေပေးချင်တဲ့ ကျောက်လေးကတော့ Citrine လို့ခေါ်တဲ့ သလင်းဝါကျောက်လေးအကြောင်းပဲဖြစ်ပါတယ်။ Citrine ကျောက်လေးရဲ့ အရောင်ကတော့ သလင်းဝါလို့ဆိုတဲ့အတိုင်း အဝါရောင်ရှိတဲ့ ကျောက်လေးပဲဖြစ်ပါတယ်။ ဒါ့အပြင် Citrine ကျောက်လေးဟာ နှစ်ပေါင်းများစွာကတည်းက လူကြိုက်များထင်ရှားခဲ့တဲ့ကျောက်လေးဖြစ်ပြီး Topaz ကျောက်လေးကဲ့သို့ တူညီသော စွမ်းအင်ရှိတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒ့ါအပြင် ထူးခြားချက်ကတော့ Citrine ကျောက်လေးဟာ ဝတ်ဆင်သူရဲ့ ကိုယ်မှာရှိတဲ့ အပူချိန်ကို လျော့ချပေးနိုင်ပြီး အေးချမ်းတည်ငြိမ်မှုကိုပေးစွမ်းနိုင်ပါသေးတယ်။

Citrine ကျောက်လေးများကို အများအားဖြင့် ဘိုလီးဗီးယားနိုင်ငံ၊ စပိန်နိုင်ငံ၊ မာဒါဂတ်စကာ၊ မက္ကဆီကိုနှင့် ဥရုဂွေး တို့တွင် အများဆုံးတွေ့ရှိရပါသည်။ အထူးသဖြင့်ကမ္ဘာ့အကြီးဆုံး ဘိုလီးဗီးယားနိုင်ငံရှိ ရေချိုသတ္တုတွင်းအနာဟီ ( Anahi ) သည် အရည်အသွေးအကောင်းဆုံး Citrine ကျောက်ထွက်ရှိရာဒေသဖြစ်သည်။ ဒါ့အပြင် Citrine ကျောက်ကို ပုံမှန် အဝါရောင်အပြင် အဝါရောင်မှ လိမ္မော်ရောင်၊ အဝါရောင်မှ အညိုရောင်၊ တစ်ခါတစ်ရံ ဝါစိမ်းရောင်အထိ ရှားပါးစွာတွေ့ရတတ်သည်။

Citrine ကျောက်လေးဟာ Mohs အဆင့်သတ်မှတ်ချက် 7 စကေးရှိပြီး ၎င်းသည်လည်း မာကျောမှုမြင့်မားသော ကျောက်အမျိုးအစားထဲကတစ်ခုဖြစ်သဖြင့် ကျောက်သားကွဲအက်မှုကို ဂရုစိုက်ရန်လိုအပ်သော Topaz ကျောက်လေးကဲ့သို့ပင် ရေနွေးငွေ့ သို့မဟုတ် Ultrasonic သန့်ရှင်းရေးပြုလုပ်ခြင်းကို ရှောင်ရှားသင့်ပြီး သာမန်နူးညံ့သောဆပ်ပြာ သို့မဟုတ် နွေးသောဆပ်ပြာရည်ကိုအသုံးပြု၍သာ သန့်ရှင်းရေးပြုလုပ်ပေးသင့်ပါတယ်။

အခု နိုဝင်ဘာလမှာ ကျရောက်တဲ့ မွေးနေ့ရှင်လေးတွေအတွက်သာမက အခြားကျောက်နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေအတွက်လည်း ရည်ရွယ်ပြီး Topaz ကျောက်လေးနဲ့ Citrine ကျောက်လေးအကြောင်းကို စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်လေးတွေနဲ့တကွ ဗဟုသုတရစေဖို့ရာအတွက် ရှာဖွေတွေ့ရှိမှုအချက်လေးတွေကိုပါ မျှဝေပေးခဲ့တာကြောင့် အားလုံးလည်းစိတ်ကျေနပ်ကြမယ်လို့ ယုံကြည်ပါတယ်နော်။

မကြာခင်မှာ Latest Birthstone လေးဖြစ်တဲ့ December Birthstone လေးအကြောင်းကို မျှဝေပေးဦးမှာမို့ စောင့်မျှော်ပေးဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။