ရာသီဖွားအဆောင်ကျောက်

Pisces (သို့မဟုတ်) မိန်ရာသီဖွားတွေရဲ့ စိတ်နေသဘောထားနဲ့ တစ်သက်တာအဆောင်ကျောက်

pisces gemstone, u hton goldsmith , myanmar

ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ မတ်လ (၂၀) ရက်နေ့အတွင်း မွေးဖွားသူတို့ကို မိန်ရာသီဖွား (Pisces) များဟု သတ်မှတ်နိုင်သည်။ မိန်ရာသီဖွားတို့သည် ဓာတ်ကြီးလေးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော အာပေါဓာတ် (ရေဓာတ်)ကြီးစိုးပြီး (၃)ဂဏန်း စွမ်းအားသက်ရောက်မှု ရှိသည်။

မိန်ရာသီဖွားတွေဟာ မေတ္တာ ဂရုဏာကြီးမားတဲ့ ကြင်နာတတ်တဲ့နှလုံးသားရှိသူတွေ ဖြစ်ကြပါတယ်။ အနုပညာရသကို ခံစားဖန်တီးနိုင်စွမ်းရှိပြီး ဂီတကို စီး‌မြောခံစားနိုင်စွမ်းရှိခြင်းနဲ့အတူ တူရိယာတစ်ခုခုကို ကျွမ်းကျင်စွာ တီးခတ်နိုင်သူတွေလည်း ဖြစ်ပါတယ်။ ဉာဏ်အမြှော်အမြင်နဲ့ ပြည့်စုံတဲ့အပြင် ကိစ္စတစ်ခုခုကို ကြိုတင်ခန့်မှန်းရာမှာလည်း ကျွမ်းကျင်ကြပါတယ်။ အရှက်အကြောက်လည်း ကြီးတတ်ကြတဲ့အပြင် လူတိုင်းကို အယုံလွယ်လွန်းတာကြောင့်လည်း မကြာခဏဆိုသလို လူလိမ်တွေနဲ့ တွေ့ကြုံရတတ်ပါတယ်။ စိတ်ထားနူးညံ့ပြီး စိတ်ထိခိုက်လွယ်လွန်းတဲ့သူတွေလည်း ဖြစ်ကြပါတယ်။ စိတ်ဓာတ်ကျလွယ်၊ တက်လွယ်တဲ့အပြင် အတွေးလွန်တက်တာကြောင့်လည်း ဝမ်းနည်းအထီးကျန်စိတ်ကို ဖြစ်စေတတ်ပါတယ်။

မိန်ရာသီဖွားတွေဟာ အရာရာကို အကောင်းကြိုက်ပြီး အအိပ်လည်းမက်ကြပါတယ်။ တစ်ယောက်တည်းနေရတာကို နှစ်သက်တဲ့ရာသီခွင်တွေဖြစ်သလို အချစ်ကြီးတဲ့သူတွေလည်း ဖြစ်ပါတယ်။ စကားပြောပြေပြစ်ပြီး အများကို ကူညီဖို့အတွက်ဆို အမြဲတမ်းအဆင်သင့်ရှိနေတတ်ကြပါတယ်။ တပါးသူရဲ့အခက်အခဲကို ကိုယ်အခက်အခဲလို့ နှလုံးသွင်းပြီး ဖြေရှင်းပေးလေ့ရှိပါတယ်။ သည်းခံခွင့်လွှတ်တတ်ပြီး စိတ်သဘောထားပြည့်ဝတဲ့ရာသီဖွားတွေ ဖြစ်ကြပါတယ်။ တစ်ခါတစ်လေ သတ္တိနည်းပြီး သွေးကြောင်တတ်တာမျိုးလေးတွေနဲ့ ဂျီးများပြီး ဇီဇာကြောင်တတ်တာလေးတွေကိုတော့ ဆင်ခြင်သင့်ပါတယ်။

မိန်ရာသီဖွားတွေဟာ စာပေအရေးအသားတွေမှာလည်း ထူးချွန်ပြောင်မြောက်ကြပါတယ်။ သူတို့ဟာ အရာရာကိုလျှို့ဝှက်တတ်ပြီး သိုဝှက်တတ်တာကြောင့် သူတို့ရဲ့စိတ်နေသဘောထားကို ခန့်မှန်းဖို့ ခက်ကြပါတယ်။ သူတို့အကြောင်းကို အရင်းနှီးဆုံး သူငယ်ချင်းမိတ်ဆွေလောက်ကပဲ သိကြပါတယ်။ သူတို့မှာ မိတ်ဆွေသူငယ်ချင်းလည်း မများတတ်ဘဲ အပေါင်းအသင်းလည်း နည်းပါတယ်။ စကားပြောနည်းပြီး ဘာပဲလုပ်လုပ်စိတ်နှစ်ခွဖြစ်တတ်ပြီး ဆုံးဖြတ်ချက်တစ်ခုကိုချရာမှာ ပြတ်ပြတ်သားသားချတဲ့နေရာမှာလည်း အားနည်းကြပါတယ်။

မိန်ရာသီဖွားတွေဟာ ဘာသာတရားအလွန်ကိုင်းရှိုင်းသူတွေဖြစ်ကြပြီး ဗေဒင်ကိန်းခန်းနဲ့ ဂမ္ဘီရပညာရပ်တွေမှာလည်း ဝါသနာပါကြပါတယ်။ မိန်ရာသီဖွားတွေဟာ စာပေရေးသားခြင်းလုပ်ငန်း၊ အနုပညာလုပ်ငန်းတွေမှာ အကျိုးပေးသလို ထီးလုပ်ငန်း၊ ထီလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ငါးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သ‌င်္ဘောသား၊ သင်္ဘောကပ္ပတိန်နဲ့ သုတေသနလုပ်ငန်းတွေမှာလည်း အကျိုးပေးကြပါတယ်။

အချစ်ရေးမှာတော့ စိတ်ကူးယဉ်ဆန်ပြီး စကားကြွယ်သလို ဉာဏ်လည်းများတတ်ကြပါတယ်။ သူတို့မသိသေးတဲ့ကိစ္စဆိုတာ မရှိလောက်အောင် တခြားသူ‌အပေါ် အကင်းပါးလွန်းတာကြောင့် ချစ်သူနဲ့ပြဿနာဖြစ်လေ့ရှိပြီး သူတို့အပေါ်လိမ်ညာတာကို အလွန်မုန်းကြပါတယ်။ သူတို့ဟာ အချစ်ကိုထုတ်ဖော်ပြောရမှာ ဝန်လေးတတ်ကြပြီး မပြတ်သားခြင်း၊ တွေဝေခြင်း၊ ချိန်ဆမှုဝေဝါးခြင်းများနဲ့ ကြုံတတ်တာကြောင့် ချစ်ကံခေနေတတ်ပါတယ်။ ပြိဿရာသီဖွားတွေနဲ့ ကန်ရာသီဖွားတွေက မိန်ရာသီဖွားတွေအတွက် အကျိုးပေးတဲ့ ရာသီခွင်တွေဖြစ်ပါတယ်။ အကျိုးပေးဂဏန်းတွေကတော့ ၃၊ ၉၊ ၁၂၊ ၁၅၊ ၁၈၊ ၂၄ တို့ဖြစ်ပြီး အကျိုးပေးအရောင်ကတော့ မရမ်းစေ့ရောင်၊ ခရမ်းရောင်နဲ့ စိမ်းပြရောင်တို့ပဲ ဖြစ်ပါတယ်။ တစ်သက်တာအတွက် ကံကောင်းစေမယ့် အဆောင်ကျောက်လေးကတော့ တန်ဖိုးရှိတဲ့ တွင်းထွက်ကျောက်မျက်တစ်ခုဖြစ်တဲ့ ခရမ်းစွဲ (Amethyst) ကျောက်လေးပဲ ဖြစ်ပါတယ်။

အခုပြောပြပေးခဲ့တာကတော့ မိန်ရာသီဖွား Pisces လေးတွေရဲ့ စိတ်နေသဘောထားလေးတွေနဲ့အတူ ကံကောင်းခြင်းလက်ဆောင် အဆောင်ကျောက်လေးအကြောင်းပဲ ဖြစ်ပါတယ်။