ပြည်တွင်းသတင်း, ပြည်ပသတင်း

ကိုဗစ်ကာကွယ်ဆေးနှင့် ဖြစ်ပွားလာနိုင်သော ကိုဗစ်အခြေအနေ

vaccine 6165772 1920

၂၀၂၀ နှစ်စလောက်ကစပြီး ကမ္ဘာအနှံ့ ဖြစ်ပွားပြန့်နှံခဲ့သော Covid 19 ရောဂါပိုးကြောင့် နိုင်ငံတကာ အရေးပေါ်ကြေညာချက်များ ထုတ်ပြန်ခဲ့ရသည်အထိ ကူးစက်မှုနှုန်း မြင့်တက်ခဲ့ပြီး အသွင်ပြောင်းဗိုင်းရက် Covid ရောဂါပိုး၏ တစ်ကြော့ပြန် ရိုက်ခက်မှုများကြောင့် Covid First Wave, Second Wave နှင့် Third Wave ဆို၍ ကမ္ဘာ့နိုင်ငံတိုင်းလိုလို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါသည်။ ယခုချိန်မှာတော့ နိုင်ငံအချို့တွင် Covid ကာကွယ်ဆေးများ ထုတ်လုပ်နိုင်ခြင်းကြောင့် နိုင်ငံအတော်များများ ဖြန့်ဝေနိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးပေးနိုင်နေပြီ ဖြစ်ပါသည်။ ကာကွယ်ဆေးအမျိုးအစားမှာ နိုင်ငံအလိုက် အမျိုးအစားကွဲများ များစွာရှိပြီး တစ်ခုနှင့် တစ်ခု ကာကွယ်နိုင်မှုအခြေအနေ၊ ကာကွယ်ဆေးထိုးသင့်သည့် အသက်အရွယ်နှင့် ဆေးအာနိသင်စသည်ဖြင့် အမျိုးမျိုး ကွဲပြားခြားနားပါသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အသုံးအများဆုံးကာကွယ်ဆေးသည် အိန္ဒိယနိုင်ငံထုတ် Covaxin၊ တရုတ်နိုင်ငံထုတ် Sinopharm နှင့် Sinovac၊ ရုရှားနိုင်ငံထုတ် Sputnik တို့ပင် ဖြစ်ပါသည်။ မည်သည့်ဆေးအမျိုးအစားမဆို အနည်းနှင့် အများ ဆိုးကျိုးများ ကြုံတွေ့ရနိုင်တာကြောင့် ထိုးမည့် ကာကွယ်ဆေးများ၏ အာနိသင်နှင့် ဘေးထွက်ဆိုးကျိုးများကို လေ့လာသိရှိထားဖို့ အရေးကြီးပါသည်။ သတိပြုသင့်သည်မှာ Covid ကာကွယ်ဆေးထိုးသည့်အခါ ဆရာဝန်၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် လုပ်ဆောင်ဖို့ အကြံပြုချင်ပါသည်။                            ပထမဦးဆုံးအနေနှင့် အိန္ဒိယနိုင်ငံထုတ် Covaxin ကာကွယ်ဆေးသည် အသက် (၁၈) နှစ်အထက် လူကြီးများကိုသာ ထိုးနှံပေးလို့ရပြီး နှစ်ကြိမ်ပြည့်အောင် ပထမအကြိမ်ထိုးပြီး (၄) ပတ်မှ (၆) ပတ်ခြား၍ ထိုးနှံပေးရပါသည်။ ကာကွယ်ဆေးနိုင်မှု အာနိသင်သည် (၇၇.၈) ရာခိုင်နှုန်းအထိရှိပြီး၊ ကြုံတွေ့ရနိုင်သည့် ဘေးထွက်ဆိုးကျိုးများမှာ ဆေးထိုးသွင်းသည့်နေရာတွင် နာကျင်ရောင်ရမ်းနေနိုင်ပါတယ်။ ဒါ့အပြင် ဆေးထိုးပြီးနောက် မူးဝေခြင်း၊ အားနည်းခြင်း၊ အနီပိန့်များထွက်ခြင်းနှင့် နှလုံးခုန်မြန်ခြင်း စသည်တို့ တစ်ချို့လူများတွင် ခံစားရနိုင်ပါသည်။ ဒါ့အပြင် လည်ချောင်းနာခြင်း၊ အသက်ရှူကြပ်ခြင်း၊ ဓာတ်မတည့်ခြင်း၊ အော့အန်ခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကိုယ်လက်နာကျင် ကိုက်ခဲခြင်းတို့လည်း ဖြစ်တတ်ပါသည်။
တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးသည် အသက် (၁၈) နှစ်နှင့် အသက် (၆၀) ကြား ရှိသူများ ထိုးနှံလို့ရပြီး ကိုဗစ်ရောဂါ ကူးစက်ခံရဖူးသူများအနေနဲ့လည်း ကိုဗစ်ပိုး ကူးစက်ခံရပြီးနောက် (၆) လအကြာတွင် ကာကွယ်ဆေး ထိုးနှံနိုင်ပါသည်။ သို့သော် ကာကွယ်ဆေးတွင် ပါဝင်သောပစ္စည်းများနှင့် ဓာတ်မတည့်သူများက ကာကွယ်ဆေး မထိုးနှံသင့်ပါ။ ဒါ့အပြင် ကိုယ်အပူချိန် (၃၈.၅) ဒီဂရီ ဆက်ဆီးယက်စ်အထက် ရောက်ရှိနေသူများအနေနှင့်လည်း ဆေးမထိုးသင့်ပါ။ အာနိသင်ပြည့်အောင် ကာကွယ်ဆေး (၄) ပတ်ခြားပြီး နှစ်ကြိမ်ထိုးနှံရမှာဖြစ်ပြီး ကာကွယ်ဆေး အာနိသင် (၇၉) ရာခိုင်နှုန်း ရှိပါသည်။ အတွေ့များသော ဘေးထွက်ဆိုးကျိုးများသည် ဖျားနာခြင်းနှင့် ဆေးထိုးသည့်နေရာ နာကျင်ခြင်းတို့ ဖြစ်ပါသည်။ အခြား ဘေးထွက်ဆိုးကျိုးများအနေဖြင့် ခေါင်းကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ဆေးထိုးသည့်နေရာနာကျင်ခြင်း စသည်တို့ ဖြစ်ပါသည်။ အဖြစ်နည်းသည့် ဘေးထွက်ဆိုးကျိုးနှစ်ခုမှာ ပျို့အန်ခြင်း၊ ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီး ရောင်ရမ်းခြင်းတို့ ဖြစ်ပါသည်။
တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးနောက်တစ်မျိုးဖြစ်တဲ့ Sinovac ကာကွယ်ဆေးကလည်း အသက် (၁၈) နှစ်အထက် လူကြီးများသာ ထိုးနှံလို့ရပြီး ကိုဗစ်ရောဂါရှိခဲ့ဖူးသူများအနေနဲ့ ရောဂါပိုးကူးစက်ခံရ ပြီးနောက် (၆) လအကြာမှာ ဒီကာကွယ်ဆေးကို ထိုးနှံနိုင်ပြီး ကာကွယ်ဆေးတွင် ပါဝင်သောပစ္စည်းများ အပူချိန် (၃၈.၅) ဒီဂရီ ဆက်ဆီးယက်စ်အထက်ကို ရောက်ရှိနေသူများကလည်း အဖျားပျောက်သည်အထိ ကာကွယ်ဆေးမထိုးနှံသင့်သေးပါဘူး။ ကာကွယ်ဆေးကို (၄) ပတ်ခြားပြီး နှစ်ကြိမ်ထိုးနှံရပါမှာဖြစ်ပြီး အာနိသင်ကတော့ (၅၁) ရာခိုင်နှုန်း ဖြစ်ပါတယ်။ အတွေ့များဆုံးဘေးထွက်ဆိုးကျိုးကတော့ ဆေးထိုးသည့်နေရာနာကျင်ခြင်း ဖြစ်ပါတယ်။ အခြားသော ဘေးထွက်ဆိုးကျိုးများမှာ မောပန်းနွမ်းနယ်ခြင်း၊ ဝမ်းလျောခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းတို့ပဲ ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးများက အများအားဖြင့် တစ်ရက် နှစ်ရက်ခန့်သာ ကြာတတ်ပါတယ်။
ရရှားနိုင်ငံထုတ် Sputnik ကာကွယ်ဆေးသည်လည်း မြန်မာနိုင်ငံအပါအဝင် နိုင်ငံတစ်ချို့မှာ အသုံးပြုနေကြပြီး ဖြစ်သော်လည်း အသုံးပြုမှုနည်းသည့်အပြင် WHO မှလည်း အသိအမှတ်ပြုထားခြင်း မရှိသေးသည့်အတွက် ထိုဆေးနှင့် ပတ်သက်ပြီး ထုတ်ပြန်ချက် အသေးစိတ်ကို လက်ရှိမှာ မတွေ့ရှိရသေးပါ။
နိုင်ငံတိုင်းလိုလိုတွင် Covid 19 side effects များကြောင့် ကျန်းမာရေးအပြင် စီးပွားရေးနှင့် လူမှုရေး ကိစ္စအရပ်ရပ်တွင် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့်အတွက် ယခုအခါ ကာကွယ်ရေးလုပ်ငန်းများကို တိုးချဲ့ လုပ်ဆောင်လျှက်ရှိနေကြပြီ ဖြစ်ပါသည်။ သို့သော် Covid 19 Virus အမျိုးကွဲများလည်း စစ်ဆေးတွေ့ရှိလျှက် ရှိနေတာကြောင့် လူတိုင်းအနေဖြင့် မဖြစ်မနေ ကာကွယ်ဆေးထိုးသည့်အပြင် ကာကွယ်ဆေးထိုးပြီးသည်တိုင် Covid ရောဂါကို ကာကွယ်နိုင်ပြီဟု မမှတ်ယူသင့်ပါ။ Covid Virus မျိုးကွဲများကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်သည်အထိ Social Distancing စနစ် ဆက်လက်ကျင့်သုံးသင့်ပြီး စည်းကမ်းချက်များကို လိုက်နာဖို့ မဖြစ်မနေ လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း နိုင်ငံသားလူဦးရေ သုံးပုံတစ်ပုံခန့်မှာ ကာကွယ်ဆေးထိုးပြီး ဖြစ်တာကြောင့် အတိုင်းအတာ တစ်ခုအထိတော့ ရောဂါပိုးကို ထိန်းချုပ်နိုင်နေပြီဖြစ်သော်လည်း မပေါ့ဆပဲ ဆက်လက်ဂရုစိုက်ကြဖို့ တိုက်တွန်းရင်း မိမိကစ ကာကွယ်မှုကို ဆက်လက်ကျင့်သုံးပြီး Covid 19 ရောဂါကို အနိုင်ယူ ကျော်ဖြတ်သင့်ပါပေသည်။