ကျောက်မျက်အကြောင်းသိကောင်းစရာ

ဆင်တူရိုးမှား ကျောက်မျက်ရတနာများ

similargems

ကျောက်မျက်ရတနာအကြောင်း စိတ်ဝင်စားပြီး လေ့လာနေသောသူများနှင့် မိမိဝယ်ယူချင်သော ကျောက်မျက်ရတနာများနှင့် ပတ်သက်ပြီး အမျိုးအစားနှင့် အရောင်အားဖြင့် ရွေးချယ်ရခက်သည့်အခါတွင်ဖြစ်စေ၊ အရောင်ဆင်တူရိုးမှား ဖြစ်နေသောကြောင့် မိမိလိုချင်သောကျောက် အမျိုးအစား ဟုတ်မဟုတ် သိချင်သော သူများအတွက် ဆင်တူရိုးမှား ကျောက်မျက်ရတနာလေးများအကြောင်းကို မျှဝေပေးလိုက်ပါသည်။

တွင်းထွက်ကျောက်မျက်ရတနာများသည် တန်ဖိုးနှင့် အမျိုးအစားမတူညီသော်လည်း အသွင်ပုံစံနှင့် အရောင်ကာလာတူညီမှုရှိသည့် ကျောက်မျက် ရတနာများစွာရှိသောကြောင့် မိမိအနေနှင့် ကျောက်မျက်ရတနာများကို ဝယ်ယူသောအခါ အဝယ်မမှားစေရန်နှင့် တန်ဖိုးမှန်ကန်စေရန် အရေးကြီးသောကြောင့် သေချာစွာ လေ့လာစီစစ်၍ ဝယ်ယူရန်အရေးကြီးပါသည်။

ဈေးကွက်တွင်တွေ့ရသော ကျောက်မျက်ရတနာများထဲတွင် ပတ္တမြားနှင့် ဆင်တူရိုးမှား ကျောက်မျက်ရတနာများဖြစ်သော ပန်းရောင်နီလာနှင့်ဖရဲအူ အစရှိသော ကျောက်မျက်များသည် သာမန်မျက်စိဖြင့်ကြည့်လျှင် အရောင်အဆင်းအားဖြင့် တူညီနေသောကြောင့် ဆင်တူရိုးမှားဖြစ်တတ်ပါသည်။ ထို့အပြင် တန်ဖိုးကြီး လူကြိုက်များသော ပတ္တမြားကို ပတ္တမြား နီးပါးလှပသည့် အညံ့ပန်းနှင့်လည်း မှားယွင်းရောင်းချခြင်းများ ရှိပါသည်။ ဆင်တူရိုးမှား ကျောက်မျက်ရတနာများဖြစ်သည့် အစိမ်းရောင် အဆင်းရှိသော ကျောက်မျက်ရတနာများဖြစ်သည့် ကျောက်စိမ်းနှင့် မြ သည်လည်း ကျောက်အကြောင်း နားမလည်သူများအနေနှင့် သာမန်ကြည့်လျှင် တူသယောင်ထင်ရသော်လည်း ၎င်းတို့တွင်လည်း ကွာခြားချက်များစွာရှိကာ ဈေးနှုန်းအားဖြင့်လည်း ကွာခြားပါသည်။

ထို့အပြင် သဘာဝအဖြူ ဥဿဖဿရားကို အတုအယောင်စိန်အဖြစ် ရောင်းချနိုင်ပါသည်။ အတုအပကျောက်မျက်ရတနာများသည် သဘာဝတွင်းထွက်ကျောက်မျက်ရတနာများထက် အဆပေါင်းများစွာ ဈေးသက်သာလေ့ရှိပါသည်။ ထိုသို့သော မှားယွင်းသည့်ကျောက်မျက်ရတနာများကို ရောင်းချခြင်းသည် ဝယ်ယူသူဘက်မှ ဆုံးရှုံးနစ်နာမှုကို ဖြစ်စေသည့်အပြင် သိက္ခာမဲ့သော အရာဖြစ်ပြီး ယုံကြည်မှုကို အလွဲသုံးစားလုပ်သည့်အရာတစ်ခုလည်း ဖြစ်ပါသည်။

နောက်ထပ် သတိပြုရမည့်အချက်သည် သဘာဝကျောက်များနှင့် သဘာဝ မဟုတ်သည့် ကျောက်မျက်များဖြစ်သည်။ သဘာဝကျောက်မျက် ရတနာများဆိုသည်မှာ သက်ရှိများ ပါဝင်ဖွဲ့စည်းထားသော ကျောက်မျက်များကို ရည်ညွှန်းသည်။ ဥမာအားဖြင့် ပယင်းကို သစ်ပင်ရည်မှရရှိပြီး ကမာမျိုးစုံသည် ပုလဲများကို ဖန်တီးနိုင်သည်။

ထို့ကြောင့် ထိုကျောက်မျက်ရတနာများကို သဘာဝကျောက်မျက်ရတနာများအဖြစ် ခွဲခြားသတ်မှတ်၍ ရသည်။ ထို့အပြင် ဓာတ်ခွဲခန်းမှ လူတို့ဖန်တီးထားသော ကျောက်မျက်ရတနာများနှင့် တွင်းထွက်ရတနာများသည် အလွယ်တကူခွဲခြားနိုင်ရန် ခက်ခဲသောကြောင့် မိမိရွေးချယ် ဝယ်ယူသည့် ကျောက်မျက်ရတနာများနှင့် ပတ်သက်ပြီး သေချာစွာ နားလည်ရန်နှင့် နားလည်တတ်ကျွမ်းသော ပညာရှင်များ၏ အကူအညီကို ရယူခြင်းဖြင့် စိတ်ချယုံကြည်ရပြီး အာမခံချက်ရှိသော ဆိုင်များတွင် ဝယ်ယူကြရန် အကြံပေးဖော်ပြလိုက်ပါသည်။

ယခုဖော်ပြပေးခဲ့သော အကြောင်းအရာလေးသည် အရောင်အားဖြင့် ဆင်တူဖြစ်နေသော ဆင်တူရိုးမှား ကျောက်မျက်ရတနာများအကြောင်းဖြစ်ပြီး မိဘပြည်သူများအတွက် ဗဟုသုတရရှိစေရန် ဖော်ပြပေးလိုက်ပါသည်။