ရွှေအကြောင်းသိကောင်းစရာ

ရွှေထည်တွေကို ငွေမကုန်ပဲ အလွယ်တကူ အရောင်တင်နိုင်မည့်နည်းလမ်းများ

thewayofpolishinggold

ယနေ့ခေတ်တွင် ရွှေထည်လက်ဝတ်ရတနာများကို အဆင်တန်ဆာတစ်ခုအနေနှင့်သာမက ဖက်ရှင်ရေစီးကြောင်းတစ်ခုအနေနှင့်ပါ ခေတ်စားလာသောကြောင့် ရွှေပန်းထိမ်လုပ်ငန်းများနှင့် ရွှေဆိုင်များ ပေါများလာပြီး စီးပွားရေး ဈေးကွက်တစ်ခုအနေနှင့်ပါ ခေတ်စားလာပါသည်။ မိမိ ဝယ်ယူထားသော ရွှေထည်လက်ဝတ်ရတနာများသည် အချိန်ကြာကြာ ဝတ်ဆင်လာသောအခါ အရောင်မှိန်သွားခြင်း၊ ‌အရောင်ပြောင်းသွားခြင်းမျိုး ဖြစ်တတ်ပါသည်။ ထိုအခါ ရွှေဆိုင်များတွင် ချေးချွတ်သန့်စင်ခြင်း၊ အရောင်ပြန်တင်ခြင်းများ ပြုလုပ်လေ့ရှိကြပါသည်။ ထို့ကြောင့် ရွှေထည်များကို ငွေမကုန်ပဲ မိမိ ၏ အိမ်တွင်းမှာပင် အလွယ်တကူ အရောင်တင်နိုင်မည့် နည်းလမ်းလေးများကို မိဘပြည်သူများအတွက် မျှဝေပေးလိုက်ပါသည်။

ပထမဦးဆုံးအနေနှင့် မိမိ၏အိမ်တွင်းမှာပင် အလွယ်တကူသန့်စင်ခြင်း ဖြစ်သောကြောင့် စိတ်ရှည်ရှည်နှင့် ဂရုတစိုက်လုပ်ပေးရန် လိုအပ်ပါသည်။ ရွှေထည်အစစ်များသည် အလွယ်တကူအရောင်ပြောင်းလေ့ မရှိသော်လည်း အချိန်ကြာလာသောအခါ လူ့ခန္ဓာကိုယ်၏ အရေပြား၊ ချွေးနှင့် ဓာတ်ပြု၍ အရောင်ထွက်အားကျခြင်းမျိုး ဖြစ်တတ်ပါသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် သုံးလတစ်ခါခန့် မိမိ၏ ရွှေထည်ပစ္စည်းလေးများကို ချေးချွတ်သန့်စင်ပေးခြင်းဖြင့် အရောင်ပိုမိုတောက်ပအောင် ပြုလုပ်ပေးသင့်ပါသည်။

ပထမနည်းလမ်းအနေနှင့် Chemical ပါဝင်မှုနည်းပါးသော ဆပ်ပြာရည် အနည်းငယ်ကို ရေနွေးနွေးလေးနှင့် ဖျော်၍ မိမိ၏ ရွှေထည်လက်ဝတ်ရတနာများကို စိမ်ပြီး ဖော့လေးကို အသုံးပြု၍ နူးညံ့စွာ ပွတ်တိုက်ဆေးကြောသင့်ပါသည်။

ဒုတိယနည်းလမ်းသည် ရေထဲ၌ အမိုးနီးယား(Ammonia) အက်ဆစ် အစက်အနည်းငယ်ထည့်၍ ၎င်းရေဖြင့်လည်း ရွှေထည်များကို သန့်စင်ပေးခြင်းဖြင့် အရောင်တင်နိုင်ပါသည်။

တတိယနည်းလမ်းသည် ကလေးများ တိုက်သော သွားတိုက်ဆေးဖြင့် နူးညံ့သော သွားတိုက်တံကို အသုံးပြု၍ ရွှေထည်လက်ဝတ်တန်ဆာများကို ပွတ်တိုက်၍ ဆေးပေးခြင်းဖြင့်လည်း အရောင်တောက်အောင် သန့်စင်ပေးနိုင်ပါသည်။

နောက်ဆုံးနည်းလမ်းလေးသည် ဈေးများတွင် အလွယ်တကူဝယ်၍ ရနိုင်သော မုန့်ဖုတ်ဆော်ဒါ (Baking Soda) မုန့်ဖုတ်သည့်အခါ အသုံးပြုသည့် အမှုန့်အနည်းငယ်ကို ရေဖြင့် ဖျော်ပြီး မိမိ၏ ရွှေထည်ပစ္စည်းများကို စိမ်ပြီး နူးညံ့သောအဝတ်စဖြင့် ပွတ်တိုက်ပေးခြင်းဖြင့်လည်း အလွယ်တကူ အရောင်တင်ပြီး သန့်စင်စေနိုင်ပါသည်။

ရွှေကို ဝတ်ဆင်သည့်အခါ ဂရုတစိုက် ဝတ်ဆင်ရန် လိုအပ်ပါသည်။ မိမိတန်ဖိုးထားရာ ရွှေထည်ပစ္စည်းများကို အလွယ်တကူ မထိခိုက်စေဘဲ ဝတ်ဆင်သင့်သလို ချွေးထွက်များတတ်သောသူ ဖြစ်မည်ဆိုလျှင်လည်း ရွှေကို အမြဲဝတ်ဆင်ခြင်းမျိုးပြုလုပ်သည့်အခါ အရောင်ကျတတ်သောကြောင့် မကြာခဏ ဂရုစိုက်၍ သန့်စင်အောင် ပြုလုပ်ပေးရန် လိုအပ်ပါသည်။

အထူးသတိပြုရမည့် အချက်မှာ ရွှေထည်များသည် နူးညံ့သော သတ္တုအမျိုးအစား ဖြစ်သောကြောင့် ပူနွေးလွန်းသော ရေကိုအသုံးပြုခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။ ဒါ့အပြင် သန့်စင်ပြီးသော ရွှေထည်များကို လေသလပ်၍ အခြောက်ခံခြင်းထက် နူးညံ့သော ဝါဂွမ်း သို့မဟုတ် နူးညံသော မျက်နှာသုတ်ပဝါမျိုးဖြင့် သေချာစွာပွတ်ပေးပြီး ခြောက်သွားအောင် လုပ်ပေးသင့်ပါသည်။

အခု ဖော်ပြပေးခဲ့သော နည်းလမ်းလေးများသည် အိမ်တွင် မိမိ၏ ရွှေထည်ပစ္စည်းများကို ငွေမကုန်ပဲ အလွယ်တကူအရောင်တင်နိုင်မည့် နည်းလမ်းလေးများ ဖြစ်ပါသည်။ ထိုနည်းလမ်းလေးများကို ရွှေထည်များတွင်သာမက အခြားသော လက်ဝတ်ရတနာများဖြစ်သည့် ငွေထည်၊ ပလက်တီနမ်နှင့် ကျောက်မျက်ရတနာများတွင်လည်း အသုံးပြုနိုင်ပါသည်။