ဒီတစ်ခေါက်မှာတော့ စာဖတ်သူမိဘပြည်သူများအတွက် မျှဝေပေးဖို့ ရွေးချယ်ထားတဲ့ အကြောင်းအရာလေးကတော့ မြန်မာ့ သမိုင်းအစဉ်အလာတစ်လျှောက် ခေတ်စားခဲ့တဲ့ လက်ဝတ်ရတနာဒီဇိုင်းများနှင့် ဆင်ယင်ထုံးဖွဲ့မှုဆိုင်ရာ စိတ်ဝင်စားဖွယ် သမိုင်းများအကြောင်းကို အားလုံး ဗဟုသုတရဖို့နဲ့ ခေတ်ဟောင်းက ခေတ်စားခဲ့တဲ့ လှပတဲ့ဒီဇိုင်းတွေကို လေ့လာခွင့်ရကြစေဖို့ရည်ရွယ်ပါတယ်ရှင့်…
ပျူခေတ်၌ အထောက်အထားများကို ရှေးတကောင်းခေတ် မှာထက် ပိုမိုစုံလင်စွာတွေ့ရှိလာရခြင်းကြောင့် ဟန်လင်းနှင့် သရေခေတ္တရာမြို့ဟောင်းများမှ ရှာဖွေတွေ့ရှိရသော ပျူရုပ်များအပေါ်အခြေခံ၍ ပျူခေတ်ဝတ်စားဆင်ယင်မှုများအတွက် ရှေးအကျဆုံးသောအထောက်အထားများကို လေ့လာနိုင်သည်။ ဟန်လင်းမြို့ဟောင်းမှ ရှာဖွေတွေ့ရှိရသောပျူရုပ်များတွင် ဗောင်းထုပ်နှင့် မကိုဋ်သရဖူများဆောင်းထားသော ပျူယောက်ျားပုံများနှင့် ပုဂံခေတ်တွင် တွေ့ရတတ်သော ရွှေနဖူးစည်းမျိုးကိုလည်း ပျူမိန်းမများ၏ပုံများတွင် တွေ့မြင်နိုင်ပေသည်။ ဌိုကျောက်ပြား တွင်မူ နားဋောင်းကိုတွေ့ရခြင်းကြောင့် ပျူပုံများ အတွေ့နည်းသေးသော်လည်း တွဲလျားကျနေသော နားပေါက်ကျယ်ကြီးများကိုတွေ့ရခြင်းဖြင့် နားဋောင်းပန်ဆင်သော အလေ့အထ အမှန်ပင်ခေတ်စားခဲ့လိမ့်မည်ဟု တွေးဆနိုင်သည်။ အဆင်တန်ဆာများမှာ ပုဂံခေတ်မှာလောက် မများသေးသော်လည်း ပုတီးသွယ်ကြီးများကိုကား ပျူ ယောက်ျား၊ မိန်းမတို့၏လည်တွင် ဆွဲလျက်တွေ့ရှိရပေသည်။
ခရစ်နှစ် ၁၁ဝ၆ ခုနှစ် ၌ ပုဂံကျန်စစ်သားမင်းသည် တရုတ်ပြည်သို့ သံတမန်များစေလွှတ်ခဲ့ဖူးသည်။ ထိုအကြောင်းကို ချွန်းဖေး၏မှတ်ချက်၌ ” ပုဂံမင်းနှင့်တကွသော မှူးမတ်တို့သည် ကြံ့၏ဦးချိုနှင့် သဏ္ဌာန်တူသော ရွှေဦးထုပ်များကိုဆောင်းကြ၏ “ဟု ဖော်ပြထားလေသည်။ ထိုမကိုဋ်ပုံမျိုးနှင့် မင်းရုပ်တစ်ခုကို ပုဂံပုထိုးသမြား ဘုရားလိုဏ်အတွင်း၌ ရေးခြယ်ထားသည်ကို တွေ့ရှိနိုင်သေးသည်။ ထို့နောက် ၁၁၇၈ ခုနှစ် မှတ်တမ်း၌ အရာရှိများနှင့်တကွ ပုဂံပြည်သူပြည်သားတို့သည် နဖူးပေါ်တွင် သျှောင်ထုံးထုံးကာ အရောင်အသွေးဝါသော ပိုးစနှင့်ရစ်ပတ်ထားတတ်ကြသည်။ တိုင်းပြည်၏ အကြီးအမှူးဖြစ်သူကား ပို၍မြင့်သော ရွှေဦးထုပ်ဖြင့် ခြားနားသိသာပေသည် ဟုဖော်ပြထား၏။ ထိုမှတ်တမ်းအဆိုနှင့် နီးစပ်သော ပုဂံသား များ၏သျှောင်ထုံးပုံအချို့ကို ပုဂံဆေးရေးကားများတွင် ထင်ရှားစွာတွေ့ရပေသည်။
အင်းဝခေတ်တွင်လည်း ပုဂံခေတ်အငွေ့အသက်များနှင့် မစိမ်းသည့် လက်ရာများကို မြင်တွေ့ရပြီး နားတောင်းများအပြင် လက်စွဲများကိုလည်း ပုဂံခေတ်ကထက် တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပြီး ရွှေခြေချင်းများလည်းစတင်ခေတ်စားလာခဲ့သည်။
ကုန်းဘောင်ခေတ်ကို အလောင်းမင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၁၁၃ (အေ၊ဒီ၊ ၁၇၅၂) ခုနှစ်မှ သီပေါမင်းကုလားပြည်သို့) ပါတော်မူသည့် ၁၂၄၇ (အေဒီ၊၁၈၈၅) ခုနှစ် အထိ ပိုင်းခြားရပေသည်။ ထိုကုန်းဘောင်ခေတ် အတွင်းမှာလည်း ရွှေဘိုခေတ်၊ စစ်ကိုင်းခေတ်၊ အင်းဝခေတ်၊ အမရပူရခေတ်၊ မန္တလေးခေတ်ဟူ၍ ခေတ်ငယ်ကလေးများ ပါဝင်ပါသည်။ သို့ရာတွင် ဝတ်ဆင်ထုံးဖွဲ့မှုအရာ၌ ထိုခေတ်ကလေးများကိုလိုက်၍ ပြောပလောက်အောင် ကွဲပြားမှုများ မရှိခဲ့ကြပေ။ ကုန်းဘောင်ခေတ်တွင်အထင်ရှားဆုံးလက်ဝတ်တန်ဆာမှာ လည်စွဲများအစားထိုး ကုန်းဘောင်ခေတ်ဘယက်ဖြစ်သည်။
လက်ဝတ်လက်စားများပြုလုပ်ပုံ ပြုလုပ်နည်းမှာ တစ်ခေတ်နှင့် တစ်ခေတ်မတူဘဲ ပြောင်းလဲလာတတ်သော်လည်း အဝတ်အစား အဆင်များ နှင့် ဆင်ယင်ထုံးဖွဲ့ပုံများလောက် ပြောင်းလဲမှုမမြန်လှချေ။ လက်ဝတ်လက်စားများ တစ်ခါကပြုလုပ်ထားလျှင် တော်ရုံနှင့်မရိုးဘဲ နှစ်ပေါင်းများစွာတိုင် ၎င်းအတိုင်း အသုံးပြုကြလေ့ရရှိသည်။
အခုမျှဝေပေးခဲ့တဲ့အကြောင်းအရာလေးတွေကတော့ မြန်မာ့သမိုင်းစိတ်ဝင်စားသူတွေအပြင် ရှေးခေတ် အဆင်တန်ဆာတွေကို ဖက်ရှင်တစ်ခုအနေဖြင့်လေ့လာချင်တဲ့ သူတွေအတွက်ပါ ဗဟုသုတရရှိစေဖို့ ဖြစ်ပါတယ်ရှင့်….နောက်အပတ်တွေမှာလည်း အခြား ဘယ်လိုစိတ်ဝင်စားစရာ အကြောင်းအရာတွေကို တင်ဆက်ပေးမလဲဆိုတာ မျှော်လင့်ရင်းဖြင့် နောက်အပတ်မှာ ပြန်လည်တွေ့ဆုံကြပါမယ်ရှင့်…