ကျောက်မျက်အကြောင်းသိကောင်းစရာ

မိုးကုတ်တွင် ရတနာ စတင်တွေ့ရှိခြင်း

treasureinmogok

ဒီအပတ်မှာ ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ မြန်မာနိုင်ငံရဲ့ ရတနာမြို့ဟူ၍ နာမည်ကြီးပြီး တန်ဖိုးကြီး ကျောက်မျက်ရတနာတွေထွက်ရာ မိုးကုတ်မြို့ရဲ့ သမိုင်းကြောင်းရတနာများစတင်တွေ့ရှိပုံနှင့် မိုးကုတ်မြို့တွင်တွေ့ရလေ့ရှိတဲ့ကျောက်မျက်ရတနာတွေအကြောင်းကို ကျောက်မျက်ရတနာချစ်သူတွေအတွက် ဗဟုသုတရရှိစေရန် မျှဝေပေးဖို့ ရွေးချယ်ထားပါတယ်ခင်ဗျာ။

မိုးကုတ်မြို့သည် မြန်မာနိုင်ငံအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်တွင် ပါဝင်သော မိုးကုတ်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ကမ္ဘာတွင် အကောင်းဆုံး ပတ္တမြား သည် မိုးကုတ်မှ ထွက်သည်။ ထို့ကြောင့် ပတ္တမြား၊ နီလာ စသော ကျောက်မျက်ရတနာ ထွက်ရာဒေသအဖြစ် မြန်မာနိုင်ငံတွင် သာမက ကမ္ဘာတွင် ထင်ရှားသည်။ ဗြိတိသျှတို့ သိမ်းပိုက်စက မိုးကုတ်မှာ ခရိုင်ဖြစ်၍ ပတ္တမြားတွင်းခရိုင်ဟု တွင်ခဲ့လေသည်။

မိုးကုတ် ဟူသော အမည်သည် မြို့အေးဟု အဓိပ္ပာယ်ရသော ရှမ်းစကား မိူင်းၵုတ်ႈ မိုင်းကုတ် မှ ပြောင်းလဲခေါ်တွင်လာသည်ဟူ၍ လည်းကောင်း၊ မြို့ခမောက်၊ မြို့ဒယ်အိုးဟု အဓိပ္ပာယ်ရသော ရှမ်းစကား မိုင်းကွတ်မှ ပြောင်းလဲခေါ်တွင်လာသည်ဟူ၍လည်းကောင်း သိရှိရသည်။

၁၅ ရာစုနှစ်ခန့်ကစတင်၍ မြန်မာ့ပတ္တမြား ကျောက်ရောင်းဝယ်ရန်အတွက် ပထမဦးဆုံး ပဲခူးသို့ ရောက်ရှိလာသူ အီတလီလူမျိုး ဗားသီးမား၏ မှတ်တမ်းတွင် ပဲခူးမှ ရက်ပေါင်း(၃၀)ခရီးအကွာတွင်ရှိသည့် ကပ္ပလန်အရပ်တွင် ထွက်သည်ဟု ဖော်ပြထားသည်။ ပေါ်တူဂီလူမျိုး ဘာဆိုစား၏ မှတ်တမ်းတွင် ဖော်ပြထားသည့် အင်းဝနေပြည်တော်၌ အလွန်ကြွယ်ဝသော ကပ္ပလန်ဆိုသည်မှာလည်း နိုင်ငံခြားသားများ ကျပ်ပြင်ကို နားကြားလွဲ၍ ခေါ်ဝေါ်သောအမည်ဖြစ်သည်။ ပတ္တမြားမြေသည် မြန်မာမင်းတို့ လက်အောက်မရောက်မီက မိုးမိတ်စော်ဘွားပိုင်နက်ဖြစ်သည်။ ပထမဆုံး ပတ္တမြားမြေကို ချီတက်တိုက်ခိုက်သိမ်းပိုက်သည့် မြန်မာမင်းမှာ ဟံသာဝတီ ဆင်ဖြူများရှင် (ခေါ်) ဘုရင့်နောင် ဖြစ်သည်။ ညောင်ဦးရွှေစည်းခုံရှိ ခေါင်းလောင်းအတွင်း ဘုရင့်နောင်မင်းတရားကြီးအား မိုးမိတ်၊ သီပေါနှင့် ပတ္တမြားတွင်း၏ အရှင်သခင်အဖြစ် ဖော်ပြထားသည်။ ဘုရင့်နောင်၏သားတော် ငါးဆူဒါယကာ နန္ဒဘုရင်လက်ထက်တွင် မိုးကုတ်အား မိုးမိတ်စော်ဘွားထံမှ တကောင်းနှင့် အလဲအလှယ်လုပ်ခဲ့သည်။

၁၅၉၇ ခုနှစ်တွင်မူ မိုးမိတ်နယ်အား အင်းဝမြို့တော် စီရင်စုလုပ်သည့် အမိန့်တော်ကို ထုတ်ပြန်ခဲ့သည်။ အမိန့်တော်ပါရက်စွဲအရ ယင်းအမိန့်တော်သည် အင်းဝမှ ထုတ်ပြန်သော ညောင်ရမ်းမင်း၏ အမိန့်တော်ဖြစ်သည်။ ပဒုံမင်းလက်ထက်တွင် ပတ္တမြားမြေ၏ နယ်နိမိတ်ကို ပြန်လည်သတ်မှတ်ခဲ့ကြောင်း ၁၇၈၃ ခုနှစ် စစ်တမ်းများအရ သိရှိရသည်။ ပတ္တမြားမြေ၏ နယ်နိမိတ်သည် ညောင်ရမ်းမင်းလက်ထက်တွင် သတ်မှတ်ခဲ့သော မူလနယ်နိမိတ်ထက် ပို၍ ကျယ်လာသည်။ မြန်မာမင်းက ပတ္တမြားတွင်းလုပ်ငန်းကို အုပ်ချုပ်ရန် ကျောက်ဝန် ခေါ် အရာရှိတစ်ဦးကို ကျပ်ပြင်သို့ စေလွှတ်ခန့်ထားစေသည်။ ပဒုံမင်းလက်ထက်သို့ ရောက်ရှိသောအခါ စိုသူကြီး ဟူသော အခေါ်အဝေါ် ပေါ်ပေါက်လျက်ရှိနေပြီဖြစ်သည်။ ပတ္တမြားမြေကို စိုသူကြီး တစ်ဦးတည်းဖြင့် ကျပ်ပြင်မှ အုပ်ချုပ်စေသည်။ ပဒုံမင်းလက်ထက်တွင်ပင် ကတည်းကို ကျပ်ပြင်မှ ခွဲထုတ်ကာ စိုသူကြီး တစ်ဦး ထပ်မံခန့်ထားလျက် သီးခြားအုပ်ချုပ်စေရာမှ စိုသူကြီးသုံးဦး ဖြစ်လာသည်။ စိုသူကြီးတို့ နှစ်စဉ်ကောက်ခံဆက်သရသော အခွန်များတွင် အရေးအကြီးဆုံးမှာ စီတော်မံတော် ဟု ခေါ်သော ဒေသထွက်ကုန်ဖြစ်သည်။

ပတ္တမြားကိုပင် သတ်မှတ်ထားသည့် အရွယ်အစား၊ အရေအတွက်နှင့် တန်ဖိုးအတိုင်း စီတော်မံတော် ပေးဆောင်ရသည်။ စီတော်မံတော်တွင် ခေါင်းခေါ် ငွေသားတစ်ပိဿာနှင့် တန်ဖိုးချင်းညီမျှသော ပတ္တမြားကြီးတစ်လုံး၊ တစ်လုံးလျှင် ငွေတစ်ကျပ်သားခန့် တန်သော ပတ္တမြားအလုံး (၁၅၀)ထုပ်နှင့် နီလာ၊ ဂေါ်မိတ်၊ ဥဿဖယား စသည့် ကျောက်မျိုးစုံပါဝင်သော စုံစီကျောက်ထုပ် တစ်ထုပ် ပါဝင်သည်။

မြန်မာမင်းများလက်ထက်တွင် တူးဖော်ရရှိသည့် ကျောက်များမှ သတ်မှတ်ထားသည့် အရွယ်အစားနှင့် အရည်အသွေးရှိသော လက်ရွေးစင်ကျောက်များကို ဘုရင်မင်းမြတ်အား ဆက်သရသည်။ ဆက်သသည့် ပတ္တမြား၏ အဆင့်အတန်းကိုလိုက်၍ ဆင်၊ လှော်ကားငယ်၊ လှော်ကားကြီး စသည်တို့ဖြင့် တင်ဆောင်ကြိုယူလာလေ့ရှိသည်။ ဤသို့ဖြင့် ဆင်တင်ပတ္တမြား၊ လှော်ကားငယ်တင်ပတ္တမြား၊ လှော်ကားကြီးတင် ပတ္တမြား စသည့် အခေါ်အဝေါ်များ ပေါ်ပေါက်လာရသည်။ ကမ္ဘာကျော်ပတ္တမြား ငမောက်မှာ လှော်ကားကြီးတင်ပတ္တမြား ဖြစ်သည်။ နေပြည်တော်သို့ ရောက်သောအခါ ကြိုယူလာသော ပတ္တမြားကို ဘုရင့်ကျောက်ဆက်ဝန်ထံ အပ်နှံရသည်။ ၎င်းကတစ်ဆင့် ဘုရင်မင်းမြတ်အား ကျောက်ရှင်နှင့်အတူ အပ်နှံရသည်။ ဘုရင်မင်းမြတ်က ရာဖြတ်တော်များကို ပြသ၍ တန်ဖိုးများကို ဖြတ်စေပြီး ကျောက်ရှင်အား ထိုက်တန်သော ဆုတော် လာဘ်တော်များ ချီးမြှင့်ပေးသနားသည်။ မြန်မာမင်းများလက်ထက်တွင် ပတ္တမြားသည် မြန်မာနိုင်ငံ၏ ပဓာနအကျဆုံး ထွက်ကုန်ဖြစ်ခြင်းကြောင့် မြန်မာမင်းတို့သည် ပတ္တမြားကို ကုန်တော်အဖြစ် သတ်မှတ်ခဲ့သည်။

၁၉ရာစုသို့ ရောက်သောအခါ အနောက်တိုင်းသားတို့သည် မြန်မာ့အဖိုးတန် ကျောက်မျက်ရတနာများကို ပို၍ စိတ်ဝင်စားလာကြသည်။ သီပေါမင်းလက်ထက်တွင် ပြင်သစ်အင်ဂျင်နီယာများက မိုးကုတ်၊ ကျပ်ပြင်၊ ကသည်းရှိ ပတ္တမြားတွင်းများကို နှစ်စဉ် အခွန်တော်ငွေ ကျပ်သုံးသိန်း ပေးသွင်း၍ လက်ဝါးကြီးအုပ် တူးဖော်ခွင့်ပေးရန် သီပေါမင်းထံ လျှောက်ထားသည်။ သီပေါမင်းက သဘောတူသဖြင့် မြန်မာနှင့် ပြင်သစ်တို့ ပတ္တမြားတွင်းများတူးဖော်လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ လျှို့ဝှက်သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးကြသည်။ ဤစာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းတွင် အင်္ဂလိပ်-မြန်မာဆက်ဆံရေး တဖြည်းဖြည်း တင်းမာလာကာ နောက်ဆုံး ၁၈၈၅-ခုနှစ်၊ နိုဝင်ဘာလတွင် အင်္ဂလိပ်တို့သည် ကျူးကျော်စစ်ကို ဖန်တီးပြီး မြန်မာတစ်နိုင်ငံလုံးကို အကြောင်းရှာကာ သိမ်းယူခဲ့သည်။ အထက်မြန်မာနိုင်ငံ ကျဆုံးခြင်းနှင့်အတူ မြန်မာ့ပတ္တမြားတွင်းများသည်လည်း နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက်ခဲ့ရသည်။ သီပေါမင်းသည် မိုးကုတ်ကျောက်တွင်းလုပ်ငန်းအား ပြင်သစ်ကုမ္ပဏီ Messrs Bonvellein & Co. အား ယာယီလိုင်စင်ဖြင့် ပုံသေငှားရမ်းခ ရယူပြီး လုပ်ကိုင်ခွင့်ပြုထားလျက်ရှိရာ ပါတော်မူသည့်အတွက် လိုင်စင် ပျက်ပြယ်ခဲ့သည်။

သီပေါမင်းပါတော်မူပြီးနောက် ဗြိတိသျှတို့ စတင်အုပ်ချုပ်ချိန်တွင် ကျောက်မျက်ရတနာကုန်သည် တစ်ဦးဖြစ်သူ အက်ဒဝင်စတရိတာ (Edwin Streeter) က ကျောက်တွင်းအား စိတ်ဝင်စားလာခဲ့သည်။ Streeter Syndicate ဖွဲ့စည်းပြီး ဆင်ဒီကိတ် ( Syndicate ) လူကြီးဖြစ်သူ ဗိုလ်ကြီး Aubrey Palton မြန်မာနိုင်ငံသို့ရောက်ချိန်၊ ၁၈၈၆ ခုနှစ် ဇန်နဝါရီလတွင် ကာလကတ္တားအခြေစိုက် Gillander Arbuthnot (G&A Co) က ရူပီးနှစ်သိန်းဖြင့် ကျောက်တူးခွင့်ရရန် ကမ်းလှမ်းထားကြောင်း တွေ့ရသည်။ Streeter က ရူပီးလေးသိန်းဖြင့် ကမ်းလှမ်းသည်။ ကမ်းလှမ်းချက်အား ၁၈၈၆ ခုနှစ် ဧပြီလတွင် ယာယီလက်ခံပြီး ၁၈၈၇ ခုနှစ် ဧပြီလတွင် ယာယီ ငါးနှစ်ခွဲလိုင်စင်ဖြင့် ခွင့်ပြုခဲ့သည်။ မိုးကုတ်ကျောက်တူးလုပ်ငန်းတွင် ပထမဆုံး ကျောက်မိုင်းကုမ္ပဏီမှာ Streeter Co. ဖြစ်ပြီး F.Atlay မှာ ပထမဆုံး ကျောက်မိုင်းမန်နေဂျာဖြစ်သည်။ ၁၈၈၇ ခုနှစ် အောက်တိုဘာလတွင် အထက်မြန်မာပြည် ရူဘီဒရက်ဂူလေးရှင်း ကို ထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာလတွင် မိုးကုတ်ရတနာနယ်မြေအဖြစ် သတ်မှတ်သည်။ မြန်မာပြည် ရူဘီဒရက်ဂူလေးရှင်းအရ ဒေသခံများကိုသာ ကျောက်မျက်တူးဖော်ခွင့်ပြုခဲ့သည်။ ထို့နောက်ပိုင်းတွင် မိုးကုတ် ကျောက်မျက်ရတနာတူးဖော်ခွင့်လုပ်ငန်းများကို ဗြိတိသျှ ဒု-ကော်မရှင်နာက အုပ်ချုပ်ခဲ့သည်။

၁၈၈၆ ခုနှစ် ဇန်နဝါရီလတွင် ဗြိတိသျှအစိုးရသည် မိုးကုတ်ကျောက်မျက်သတ္တုသိုက်ကို သုံးသပ်အကဲဖြတ်ရန် ဘူမိဗေဒပညာရှင် C-Barrington Brown ကို စေလွှတ်ခဲ့သည်။ ထိုအချိန်တွင် London Rothschilds ကုမ္ပဏီနှင့် ပူးပေါင်းပြီး Burma Ruby Mines (B.R.M) ကို ထူထောင်ခဲ့သည်။ ၁၈၈၈ ခုနှစ်တွင် Burma Ruby Mines (B.R.M) (ဘားမားရူးဘီမိုင်း ) ကုမ္ပဏီကို ဖွဲ့စည်းသည်။ (၂၂.၂.၁၈၈၉) တွင် မိုးကုတ်ရတနာနယ်မြေ၌ ကျောက်မျက်တူးဖော်ရောင်းဝယ်ဖောက်ကားခွင့်ပြုသည့် လိုင်စင်ကို Streeter Syndicate က ရရှိသည်။ Streeter Syndicate သည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပေါင်စတာလင်သုံးသောင်းဖြင့် ရရှိသော အဆိုပါ တူးဖော်ခွင့်လိုင်စင်ကို ပေါင်စတာလင် ငါးသောင်းငါးထောင်ဖြင့် B.R.M သို့ ရောင်းချခဲ့သည်။ B.R.M သည် မိုးကုတ်ကျောက်တူးဖော်ခွင့်လိုင်စင် ရရှိပြီးနောက် သပိတ်ကျင်း-မိုးကုတ်လမ်း ဖောက်လုပ်ခြင်း၊ ၄၀၀-ကီလိုဝပ် ရေအားလျှပ်စစ်စက်ရုံ ဆောက်လုပ်ခြင်း၊ မြေလွတ်ဒေသများတွင် ရှာဖွေစမ်းသပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ မိုးကုတ်တွင် ကျောက်မျက်များကို တစ်ဦးတည်း စက်ဖြင့် တူးဖော်ခွင့်လိုင်စင်ရပြီး နှစ်စဉ် လိုင်စင်ကြေး ပေါင်စတာလင် သုံးသောင်းနှင့် အမြတ်၏ ၃၀%ကို ပေးဆောင်ရန်ဖြစ်သည်။

၁၈၈၉ ခုနှစ်မှ ၁၈၉၆ ခုနှစ်ထိ ပထမခုနှစ်နှစ် လိုင်စင်သက်တမ်းတွင် အနည်းငယ်သာ မြတ်သည်။ ကုမ္ပဏီသည် ဆက်တိုက်ရရှိလုပ်ကိုင်ခဲ့ရာ ဒုတိယပါမစ် သက်တမ်းကာလ ၁၈၉၇ ခုနှစ်မှ ၁၉၀၃ ခုနှစ်တွင် အမြတ်ကောင်းစွာ ရခဲ့သည်။ တတိယလိုင်စင်သက်တမ်း ၁၉၀၄ ခုနှစ်မှ ၁၉၁၂ ခုနှစ်တွင် မြေအောက်ရေကြောင့် တူးဖော်မှုများ အဟန့်အတား ဖြစ်ရသဖြင့် မြေအောက်စိမ့်ရေများကို ထုတ်ရန်အတွက် မြေအောက်ပေ ၁၀၀ အနက်တွင် တစ်မိုင်ခန့် အရှည်ရှိ ရေနှုတ်မြောင်းတစ်ခုကို တူးဖော်ဆောင်ရွက်ခဲ့သည်။ ရေနှုတ်မြောင်းကို ၁၉၀၈ ခုနှစ်တွင် ပြီးစီးအောင် တူးဖော်ခဲ့ရာ အောင်မြင်မှုရပြီး ထုတ်လုပ်မှုတိုးတက်ခဲ့သော်လည်း အဆိုပါနှစ်တွင် Verneuil ပတ္တမြားအတု ချက်လုပ်အောင်မြင်မှုကြောင့် ပတ္တမြားဈေးများ ထိုးကျခဲ့ပြီး တတိယပါမစ်သက်တမ်းကာလအတွင်း အမြတ်နည်းပါးခဲ့သည်။ စတုတ္ထလိုင်စင်သက်တမ်းကာလတွင် ပတ္တမြားဈေးများ ဆက်လက်ကျဆင်းမှုကြောင့် စီးပွားရေးထိခိုက်ပြီး ၁၉၂၅ ခုနှစ်တွင် မြေအောက်ရေနှုတ်မြောင်းကြီးအား ယမ်းခွဲဖျက်ဆီးခံရပြီး လုပ်ငန်းများ ထိခိုက်ခဲ့သည်။ ၁၉၂၅ ခုနှစ် နိုဝင်ဘာလတွင် အစုရှယ်ယာရှင်များ၏ ဆန္ဒဖြင့် ကုမ္ပဏီ ဖျက်သိမ်းခဲ့ပြီး ၁၉၃၁ ခုနှစ်တွင် လိုင်စင် ပြန်အပ်ခဲ့သည်။ B.R.M လုပ်ကိုင်ခဲ့သည့် ၄၂ နှစ်တာကာလတွင် စတာလင်ပေါင် (၂.၃၅)သန်းခန့်တန်သော ကျောက်မျက်များ ရခဲ့သည်။ B.R.M ဖျက်ပြီးနောက် ၁၉၃၄ ခုနှစ်တွင် Ruby Mines Ltd ကို B.R.M ကုမ္ပဏီ လူကြီးများက ပြန်၍ ဖွဲ့စည်းခဲ့သည်။ ယခင် B.R.M မှ လုပ်ခဲ့သော လျှပ်စစ်မီးစက်မှ ဓာတ်အားကို ရောင်းစားရန်နှင့် ပတ္တမြားရောင်းဝယ်ရေးကို အရံလုပ်ငန်းအဖြစ် လုပ်ကိုင်ရန် ဖြစ်သော်လည်း လုပ်ငန်းများ မအောင်မြင်ပဲ ၁၉၄၁ ခုနှစ်တွင် ပျက်ခဲ့သည်။ ဂျပန်ခေတ်တွင် ဗိုလ်မှူးကြီးကီမူရာခေါင်းဆောင်သော ဂျပန်တပ်များ မိုးကုတ်သို့ ရောက်လာချိန်တွင် မိုးကုတ်သားများက ကျောက်တွင်းများကို ကျောက်တုံးများဖြင့် ပိတ်ဆို့ကွယ်ဝှက်ထားခဲ့သည်။ ဂျပန်ခေတ်တလျှောက်လုံးတွင် ကျောက်တွင်းလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။

၁၉၄၅ ခုနှစ် မတ်လတွင် မဟာမိတ်တပ်များ မိုးကုတ်ကို သိမ်းပြီးချိန်မှစ၍ ပတ္တမြားနှင့် လေထီးစများ လဲလှယ်ရောင်းဝယ်မှုလုပ်ငန်း ကျယ်ပြန့်လာပြီး ကျောက်တွင်းလုပ်ငန်း အသက်ပြန်ဝင်လာသည်။ ပင်လုံစာချုပ်ချုပ်ဆိုရန် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးချိန်တွင် မိုးကုတ်ကျောက်တွင်း လုပ်ငန်းများအား မိုးမိတ်စော်ဘွား အုပ်ချုပ်မှုအောက်တွင် ထားရန် မိုးမိတ်စော်ဘွား စောခွန်ချိုက တင်ပြခဲ့ရာ လောလောဆယ်တွင် လက်ရှိအတိုင်း စီမံအုပ်ချုပ်ရန် ညှိနှိုင်းခဲ့ကြပြီး စောခွန်ချိုအား ရှမ်းပြည်နယ်ရေးရာ ဝန်ကြီးအဖြစ်လည်းကောင်း၊ နိုင်ငံခြားရေးရာ ဝန်ကြီးအဖြစ်လည်းကောင်း ပူးတွဲတာဝန် ပေးခဲ့သည်။ စောခွန်ချိုသည် ၁၉၅၈ ခုနှစ်အထိ ၎င်းတာဝန်များတွင် ထမ်းဆောင်ခဲ့သည်။ မိုးကုတ်ကျောက်တွင်း လုပ်ငန်းများသည် နိုင်ငံရေးမတည်ငြိမ်မှုများ၏ နှောင့်ယှက်မှု မခံရပဲ လုပ်ကွက်(၁၀၀၀)ကျော် ပုံမှန်တူးဖော် ထုတ်လုပ်လျက်ရှိခဲ့သည်။ မိုးကုတ်ကျောက်တွင်းလိုင်စင် ခွင့်ပြုစနစ်တွင် တွင်းတူးသမားများအား တွင်းစားအဖြစ် သတ်မှတ်ပေးပြီး ၎င်းတို့ရရှိသည့် ကျောက်အမြတ်ပေါ်မှ ခွဲဝေခံစားခွင့်ပြုလာသည်။ လွတ်လွတ်လပ်လပ် ရောင်းချခွင့်များ တွင်ကျယ်လာသည်။ မှောင်ခိုမှုတွေလည်း အထိုက်အလျောက် ရှိလာခဲ့သည်။
မိုးကုတ်မြို့တို့တွင် နေထိုင်သူတို့သည် ကျောက်တွင်းများကို အမှီသဟဲပြု၍ နေသူများဖြစ်ရကား ကျောက်များတူးဖော်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက်များဖြင့် အထည်ပြုလုပ်ခြင်း၊ ကျောက်ရောင်းခြင်း၊ ကျောက်ပွဲစားလုပ်ခြင်းစသည်တို့မှာ နေထိုင်သူတို့၏ အဓိကလုပ်ငန်းပင်ဖြစ်သည်။

အခုမျှဝေပေးခဲ့တဲ့အကြောင်းအရာလေးကတော့ မြန်မာ့ပတ္တမြားမြေဟူ၍ လူသိများတဲ့ မိုးကုတ်မြို့ရဲ့ သမိုင်းကြောင်း၊ ရတနာများစတင်တွေ့ရှိပုံနှင့် မိုးကုတ်မြို့တွင်တွေ့ရလေ့ရှိတဲ့ ကျောက်မျက်ရတနာတွေအကြောင်းလေးတွေပဲဖြစ်ပြီး အားလုံးလဲစိတ်ဝင်စားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။